စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်ကြီးတွေ ပြန်လည်ခွင့်ပြု

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မဏ္ဍပ်အမျိုးအစားအလိုက် လျှောက်ထားရမှာ ဖြစ်တဲ့အတွက် လျှောက်ထားသူတွေ ရုံးအဆင့်ဆင့် သွားစရာ မလိုတော့

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လာမယ့် သင်္ကြန်မှာ မဏ္ဍပ်ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ရာမှာ ယခင်နှစ်က ပိတ်ပင်ထားတဲ့ စီးပွားဖြစ် မဏ္ဍပ်ကြီးတွေကို ဆောက်လုပ်ခွင့် ပြန်ပေးခဲ့ပါတယ်။

ယခင်နှစ်က အခုလို ပိတ်ပင်မှုကြောင့် မဏ္ဍပ်အရေအတွက် လျော့နည်းခဲ့ပြီး သင်္ကြန်စည်ကားမှု နည်းတယ်လို့ ဝေဖန်တာတွေ ရှိခဲ့တဲ့အတွက် ဒီနှစ်မှာတော့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပြန်လည် စည်ကားအောင် အခုလို ပြန်လည် ခွင့်ပြုတာလို့ ဆိုပါတယ်။

အခုလို ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေဟာ ယခင်နှစ်ကနဲ့ ကွာခြားမှု မရှိပေမယ့် မဏ္ဍပ်အမျိုးအစားအလိုက် တိုင်းအဆင့်နဲ့ မြို့နယ်အဆင့် ရုံးတွေမှာ လျှောက်ထားရမှာ ဖြစ်တဲ့အတွက် လျှောက်ထားသူတွေ ရုံးအဆင့်ဆင့် သွားစရာ မလိုတော့ဘူးလို့ Save the Children မြန်မာ ပရဟိတအဖွဲ့ရဲ့ မဏ္ဍပ်ကို မနှစ်က ဆောက်လုပ်ခဲ့တဲ့ ကိုဒဲဒီက ဘီဘီစီကို ပြောပါတယ်။

အခုလို မဏ္ဍပ်ဆောက်ရာမှာ မဏ္ဍပ်နေရာချထားရေး ကော်မတီက သတ်မှတ်ထားတဲ့ နေရာနဲ့ အတိုင်းအတာအရပဲ ဆောက်လုပ်ခွင့်ရမှာ ဖြစ်ပြီး ဒီလို ခွင့်ပြုချက် ရသူတွေက တခြားသူတွေကို ငှားရမ်းတာ လွှဲပြောင်း ရောင်းချတာတွေ မလုပ်ရ ဆိုတဲ့အချက်လည်း အဲဒီ စည်းကမ်းချက်တွေထဲမှာ ပါဝင်ပါတယ်။

မဏ္ဍပ်မှာ ရေကစားသူတွေ အတွက်လည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ အပြုအမူ၊ ဝတ်စားဆင်ယင်မှုနဲ့ မူးယစ် သောက်စားမှု မလုပ်ရလို့ တားမြစ်ထားပြီး သံချပ်ဖျော်ဖြေတဲ့ အဖွဲ့တွေ အနေနဲ့လည်း ဖျော်ဖြေမယ့် အကြောင်းအရာတွေကို ကြိုပြီး တင်ပြရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် NEW LIGHT OF MYANMAR
Image caption ကြိုတင် တားမြစ်တဲ့ စည်းကမ်းချက်တွေ ထုတ်မယ့် အစား ဒီမိုကရေစီ အရ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကိုသာ အခြေခံသင့်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကတော့ အခုလို ကြိုတင် တားမြစ်တဲ့ စည်းကမ်းချက်တွေ ထုတ်မယ့် အစား ဒီမိုကရေစီ အရ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကိုသာ အခြေခံသင့်ပြီး မလျော်ကန်မှု တစုံတရာ ဖြစ်လာတော့မှသာ အရေးယူသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာ့ ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ အပြုအမှုနဲ့ ဝတ်စားဆင်ယင်မှုဆိုတာကလည်း ယေဘုယျဆန်တဲ့အတွက် အရေးယူရ ခက်နိုင်ပြီး အများပြည်သူကို ထိခိုက်စေနိုင်တဲ့ ကိစ္စမျိုးမှာပဲ စည်းကမ်းထုတ်သင့်တယ်လို့လည်း ကိုနေဘုန်းလတ်က ပြောပါတယ်။

အခုလို ဝတ်စား ဆင်ယင်မှုနဲ့ မူးယစ်သောက်စားမှု ဆိုင်ရာ စည်းကမ်းချက်တွေ ယခင်နှစ်ကလည်း ရှိခဲ့ပေမယ့် ဒါတွေကို ထိရောက်တဲ့ အရေးယူမှု လုပ်တာ မတွေ့ခဲ့ရဘူးလို့ ကိုဒဲဒီက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ မြန်မာ သက္ကရစ် ၁၃၇၉ နှစ် သင်္ကြန်ပွဲတော်ကို မုံရွာနဲ့ မန္တလေးမြို့တွေမှာ စည်စည်ကားကားလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ရန်ကုန်သင်္ကြန်ရဲ့ စည်ကားမှုကိုလည်း ရန်ကုန်သူ ရန်ကုန်သားတွေက စိတ်ဝင်တစား ရှိနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ