အခွန်သက်သာခွင့်ပေးတဲ့အချက်ပယ်ဖျက်ဖို့ လွှတ်တော်မှာဆွေးနွေး

ဓာတ်ပုံ မူပိုင် MYANMAR UNION PARLIMENT
Image caption လွှတ်တော်အစည်းအဝေးမြင်ကွင်း

၂၀၁၈ အခွန်ကောက်ဥပဒေကြမ်းမှာ ပါရှိတဲ့ စည်းကျပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခွန်ကို တစ်နှစ် အခွန်သက်သာခွင့် ပေးတဲ့အချက်ကို ပယ်ဖျက်ပြီးသီးခြားဥပဒေတစ်ခု ဖြစ်လာနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောပါတယ်။

အစိုးရက တင်ပြလာတဲ့ ၂၀၁၈ အခွန်ကောက်ဥပဒေကြမ်းမှာတော့ စည်းကျပ်မှု က လွတ်ကင်းနေတဲ့ ဝင်ငွေတွေကို တရားဝင်အခွန်ဆောင်မယ် ဆိုရင် ပထမ ၆ လမှာ ၃ ရာခိုင်နှုန်း ၊ဒုတိယ ၆ လမှာ ၅ ရာခိုင်နှုန်းသာ ကောက်ခံဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဆွေးနွေးတဲ့အခါ အခွန် သက်သာခွင့်ပေးမယ့် အပိုဒ်ကို ပယ်ဖျက်ပြီး အခွန်သက်သာခွင့် ပေးမယ့် ကိစ္စကိုသီးခြားဥပဒေပြဌာန်းပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက တာဝန်ရှိသူ တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သီးခြားဥပဒေ ပြဋ္ဌာန်းဖို့ လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တဲ့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ' 'ပုံမှန်အခွန်စနစ်ထဲကို ဝင်လာဖို့ ဆိုရင် အခုလို မပြင်ဆင်ဘဲနဲ့ အခန်းလေးတခန်း ဖွဲ့စည်းလိုက်ရုံနဲ့မဖြစ်နိုင်ဘူး။ အချိန်ယူရမယ်၊ ပြည်သူကိုလည်းအသိပညာပေးရမယ်။ ပြည်သူတွေ ပါဝင်လာနိုင်အောင်လို့ လုံလောက်တဲ့ဆောင်ရွက်မှုတွေလုပ်ရမယ်''လို့ ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်ကို တင်ပြလာတဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာလဲ အခွန်သက်သာခွင့်ပေးတာကို အခုလို အပိုဒ်တစ်ခုထည့်ပြီး မဖော်ပြပဲ သီးခြားခေါင်းစဉ်နဲ့ အခန်းတစ်ခန်း ထည့်ဖို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခွန်သက်သာခွင့် ပေးတဲ့အခါမှာလည်း ၃ ရာခိုင်နှုန်းနဲ့၅ ရာခိုင်နှုန်းအစား ဝင်ငွေအမျိုးအစား ၃ မျိုးခွဲပြီး ၃ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်းထိ ကောက်ခံဖို့ ဖော်ပြထားပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၂၈ ဦး ဆွေးနွေးခဲ့ပြီး ဆွေးနွေးတဲ့ ကိုယ်စားလှယ် အများစုက ဥပဒေကြမ်းမှာပါရှိတဲ့ အချက်ကိုပယ်ဖျက်ပြီး အခွန်သက်သာခွင့်ကို သီးခြားဥပဒေ ပြဌာန်းဖို့ဆွေးနွေးခဲ့ကြပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ပြန်လည်ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာတော့ ဥပဒေကြမ်းမှာ ပါရှိတဲ့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ စည်းကျပ်မှုက လွတ်နေတဲ့ ဝင်ငွေခွန် နဲ့ပတ်သက်ပြီး အခွန်သက်သာခွင့် ပေးတဲ့ အချက် ကိုပယ်ဖျက်ပြီး သီးခြားဥပဒေ ပြဋ္ဌာန်းဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒီပြင်ဆင်ချက်နဲ့ပတ်သက်ပြီး မကြာခင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ဆွေးနွေးအတည်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ