ကလေးတွေကို အနိမ့်ဆုံးစံသတ်မှတ်ချက်နဲ့အညီပြုစုရမယ်

Image caption ၆ လအောက်ကလေးငယ်တွေကို အထူးပြုစုစောင့်ရှောက်မှုပေးရန်လိုအပ်

ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ရမဲ့ အနိမ့်ဆုံးစံသတ်မှတ်ချက်တွေကို ဝန်ကြီး ဌာန ၃ခုနဲ့အတူ ဝန်ကြီးဌာနအသိအမှတ်ပြု ပရဟိတဂေဟာတွေပါဝင်ကာ ဆွေးနွေးညှိနှိုင်း ရေးဆွဲနေတာပြီးစီးသွားပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဘီဘီစီကိုပြောပါတယ်။

မိဘမဲ့ဂေဟာတွေအပါဝင် ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့နေရာအားလုံး ဟာ ကလေးငယ်တွေအတွက် ပြုစုစောင့်ရှောက်ပေးသင့်တဲ့အနိမ့်ဆုံးစံသတ်မှတ်ချက်အတိုင်း ပြုစုစောင့်ရှောက် သွားရတော့မှာလည်းဖြစ်ပါတယ်။

''လတ်တလောမှာ အနိမ့်ဆုံးစံသတ်မှတ်ချက်အတိုင်းပြုစုနိုင်ဖို့ကို ဂေဟာတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးပြောတာ တွေလုပ်မယ်။ ကလေးသူငယ်တွေရဲ့ အခွင့်ရေးဆိုင်ရာဥပဒေ ရေးဆွဲထားတာရှိတယ်။ ဥပဒေ ထွက်လာပြီ ဆိုရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်မှာပါ''လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောပါတယ်။

လတ်တလောမှာ ဒီစံသတ်မှတ်ချက်တွေကို ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ ကလေးစောင့်ရှောက်ရေး ဂေဟာတွေနဲ့ အစိုးရရဲ့ ကလေးပြုစုရေးဌာနတွေ အားလုံးကိုဖြန့်ဝေနေပြီလို့သိရပါတယ်။

စွန့်ပစ်ခံကလေးငယ်တွေများလာတာနဲ့အတူ မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးနေတဲ့ ပရဟိတ ဂေဟာတွေလည်းများစွာရှိလာနေပါတယ်။ အဲ့ဒီအထဲမှာမှ အလှူခံတာတွေရှိနေပေမဲ့ မွေးကင်းစနဲ့ လသားကလေးငယ်တွေအတွက် သင့်တော်တဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို မလုပ်ပေးနိုင်တဲ့နေရာတွေ ရှိနေတယ်လို့ ဝေဖန်ခံရတာတွေလည်းရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ