အကြမ်းဖက် တိုက်ဖျက်ရေး အာဆီယံ သြစတြေးလျ ပူးတွဲ ကြေညာ

ဓာတ်ပုံ မူပိုင် AFP
Image caption အစွန်းရောက် လမ်းစဉ် ပိုမို ကျယ်ပြန့်လာနိုင်မယ့် အကြောင်းအရင်းတွေကို ဖော်ထုတ်ဖို့ ဆိုတာလည်း ပါဝင်

မတ်လ ၁၈ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်လိုက်တဲ့ အာဆီယံ သြစတြေးလျ ထိပ်သီး အစည်းအဝေး ရဲ့ ကြေညာချက်မှာတော့ ဒေသတွင်း နိုင်ငံ တွေ အကြား လုံခြုံရေး၊ အနာဂတ် ကြွယ်ဝချမ်းသာရေး၊ လူထုတွေအကြား ချိတ်ဆက် ဆောင်ရွက်ဖို့နဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်သွားဖို့ ဆိုပြီးတော့ အဓိက ခေါင်းစဉ် ၄ ခုကို အလေးပေး ရေးသားထားပါ တယ်။

အကြမ်းဖက်ဝါဒတိုက်ဖျက်ဖို့နဲ့ ကိုးရီးယားကျွန်းဆွယ် အရေးတွေကို လုံခြုံရေးဆိုင်ရာ ကဏ္ဍမှာ အဓိက အလေးပေး ရေးသားထားပါတယ်။

ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို အပြင်းအထန် ရှုတ်ချထားပါတယ်။ အကြမ်းဖက်မှုတွေ တိုက်ဖျက်ဖို့ ဒေသတွင်းန်ိုင်ငံတွေအကြား ပိုမို တိုးမြင့် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ ဒေသတွင်းကို နိုင်ငံရပ်ခြား အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေ ဝင်မလာအောင် ကာကွယ်ဖို့၊ အစွန်းရောက် လမ်းစဉ် ပိုမို ကျယ်ပြန့်လာနိုင်မယ့် အကြောင်းအရင်းတွေကို ဖော်ထုတ်ဖို့ ဆိုတာလည်း ပါဝင်နေပါတယ်။

ဒါအပြင် နိုင်ငံတကာ အကြမ်းဖျက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံနဲ့ ဩစတြေးလျ အစိုးရတို့အကြား နားလည်မှု စာချွန်လွှာ (MoU)ကိုလည်း လက်မှတ်ရေး ထိုးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲထိန်းစနစ်နဲ့ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးနဲ့ နျူကလီးယား စီမံကိန်းကြောင့် တင်းမာနေတဲ့ ကိုးရီးယားကျွန်းဆွယ် အရေးကို အထူး စိုးရိမ်တယ်လို့ ရေးသားထာသလို မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ အလေးအနက် တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် မာကွန် တန်ဘူလ် (Malcolm Turnbull)ကတော့ မြောက်ကိုရီးယား အရေးနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယား ဒုံးလက်နက် စီမံကိန်းနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုတွေကို လေးလေးနက်နက်နဲ့ တုံ့ပြန်ဖို့ ပူးတွဲ တာဝန်ခံ လုပ်ဆောင်မယ်လို့ လို့ပြောပါတယ်။

ဒါ့အပြင်တောင်တရုတ်ပင်လယ်အရေးကိုလည်း နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အငြင်းပွားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။

ဒေသတွင်း ကြွယ်ဝချမ်းသာရေးအတွက်တော့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြင့်အောင် ဆောင်ရွက်ဖို့နဲ့ ပွင့်လင်းပြီး လွတ်လပ်တဲ့ ဈေးကွက်ကို ထောက်ခံတယ်လို့ ဆိုပါတယ်။

ဩစတြေးလျ အာဆီယံ စီးပွားရေး ပူးပေါင်း တိုးမြင့် ဆောင်ရွက်ဖို့အတွက် ၂ ဆတိုး အားထုတ် ကြိုးစားသွားမယ်လို့ ပါရှိပါတယ်။

နောက်ပြီး ဒေသတွင်း လူတွေအကြား ပိုမိုချိတ်ဆက်မှုကို အား ကောင်း အောင် ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် လူငယ်တွေအကြား ပညာရေး အားကစားဆိုင်ရာ ကိစ္စတွေမှာ ပိုမို ချိတ်ဆက် နိုင်မယ့် Colombo စီမံကိန်းသစ်ကိုလည်း ပါဝင်ဆောင်ရွက်ဖို့ ကြိုဆိုတယ်လို့ ဒေသတွင်း လူထုနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်မှာ ရေးသားထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်မြင့်တင်ပေးဖို့ အာဆီယံရဲ့ ကြိုး ပမ်း ဆောင်ရွက်မှုကို အသိအမှတ် ပြု ထောက်ခံ တယ်လို့လည်းဆိုပါတယ်။

ဒီထိပ်သီး ဆွေးနွေးပွဲအတွင်းမှာ သဘောတူညီခဲ့တဲ့ အကြမ်းဖက်မှု၊ ဒေသတွင်း ချိတ်ဆက်ရေး၊ ပညာရေး ကျန်းမာရေး စီးပွားရေး စတဲ့ ကဏ္ဍာတွေမှာ သဘောတူညီခဲ့တာတွေကို

အကောင် ထည်ဖော်နိုင်ဖို့ နောင်မှာ ပိုမို ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့်နေတယ်လို့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်အောက်မှာ ရေးသားထားပြီး ဆစ်ဒနီ ကြေညာချက်ကို အဆုံးသတ်ထားပါတယ်။