ကလေးငယ်တိုင်း ရှင်သန် ဖွံဖြိုးဖို့ အခွင့်အရေး ရှိသင့်

Image caption သတ်မှတ် စံနှုန်းနဲ့အညီ ပြုစုစောင့်ရှောက်ခြင်း ရှိမရှိ လူမှုဝန်ထမ်း ဌာနက စောင့်ကြပ် ကြည့်ရှု မယ်

ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ အနိမ့်ဆုံး စံ သတ်မှတ်ချက်တွေကို မြန်မာ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ကလေးသူငယ် တစ်ယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးကြီးထွားခွင့် ရရှိစေဖို့ အခုလို သတ်မှတ်ရတာလို့ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ဘီဘီစီကို ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနဲ့ အတူ နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့နဲ့ အစိုးရ အသိအမှတ်ပြုဂေဟာတွေ ပါ ပူးပေါင်း ရေးဆွဲကြတာပါ။

အဲဒီ ဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေလို မိဘမဲ့ စောင့်ရှောက်ရေး နေရာတွေကပါ စံ သတ်မှတ်ချက် တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

လတ်တလောမှာ ရင်ခွင်မဲ့ ကလေးတွေ၊ စွန့်ပစ် ခံရတဲ့ ကလေးတွေများပြား လာနေပြီး အဲဒီ ကလေးတွေကို လက်ခံ ထိန်းသိမ်း၊ ပြုစု စောင့်ရှောက်ပေးတဲ့ ဂေဟာတွေလည်း အမြောက်အမြား ပေါ်ထွက် လာနေချိန်မှာ ကလေးသူငယ်တွေ အနေနဲ့ ပြုစု စောင့်ရှောက်မှုကို နည်းမှန် လမ်းမှန် ရရှိရဲ့လား၊ အမြတ်ထုတ် ခံရတာမျိုးတွေ ရှိနေသလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေ ပါတယ်။

ဂေဟာတွေ၊ မိဘမဲ့ ကလေး ပြုစုစောင့်ရှောက်ရေး နေရာတွေမှာ နေရတဲ့ကလေးငယ်တွေဟာ မိဘနဲ့ နေထိုင်တဲ့ ကလေးငယ်တွေထက် အကြမ်းဖက်ခံရတာ၊ အလွဲသုံးစား လုပ်တာ ခံရ နိုင်ဖွယ် ပိုများတဲ့ အတွက် အခုလို စံသတ်မှတ်ချက်တွ ရေးဆွဲပြီး ထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့ လုပ်ရတာ လို့ ဒေါက်တာ စန်းစန်းအေးက ပြောပါတယ်။

သတ်မှတ် စံနှုန်းနဲ့အညီ ပြုစုစောင့်ရှောက်တာ ရှိမရှိ ကိုလည်း လူမှုဝန်ထမ်း ဌာနက စောင့်ကြပ် ကြည့်ရှု သွားဖို့ စီစဉ်နေပါတယ်။

ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်သည် တွေကနေ မွေးဖွား လာတဲ့ ကလေးငယ်တွေကို ပြုစု စောင့်ရှောက် ပေးနေတဲ့ မာမီကွတ်လို့ လူသိများတဲ့ မရှင်ညိမ်းမယ် ကတော့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ နေရာတွေမှာ သန့်ရှင်း သပ်ယပ်မှု၊ ရောဂါဖြစ်ပွားမှု၊ နှိပ်စက်ခံရမှု၊ သေဆုံးမှု တို့ရှိမရှိ ကိုင်တွယ် ဆောင်ရွက်ဖို့ အရေးကြီးကြောင်းနဲ့ အဲဒါတွေကို အစိုးရက လုပ်ဆောင် ပေးနိုင်ရင် ဝမ်းသာစရာ ကောင်းတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ လူမှုဝန်ထမ်း ဦးစီးဌာန တစ်ခုလုံးမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝန်ထမ်း အင်အားက ၃ ထောင်ကျော်သာ ရှိသေးပြီး တိုင်းနဲ့ ပြည်နယ်အလိုက် စောင့်ကြပ် စစ်ဆေးတာတွေ လုပ်နိုင်ဖို့ ဝန်ထမ်းအင်အားကို ထပ်တိုးချဲ့ ဖို့ လိုတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ