နိုင်ငံခြား စစ်သံမှူး ၂၃ ဦး မောင်တော သွား

Image caption နိုင်ငံတကာက အာရုံစိုက်မှုများနေတဲ့ အချိန်မှာ စစ်သံမှူးတွေရဲ့ ခရီးစဉ်က အရေးပါတဲ့ ခရီးစဉ်တခု ဖြစ်ပါတယ်။

တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က စစ်သံမှူး ၂၃ ယောက်ဟာ မနေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နေရာ အတော် များများကို သွားရောက်လေ့လာခဲ့သလို ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အရင်နှစ် ဩဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်မှုများနေတဲ့ အချိန်မှာ စစ်သံမှူးတွေရဲ့ ခရီးစဉ်က အရေးပါတဲ့ ခရီးစဉ်တခု ဖြစ်ပါတယ်။

မနက်ပိုင်းမှာ တောင်ပြိုလက်ဝဲကို ရဟတ်ယာဉ်တွေနဲ့ တိုက်ရိုက်သွားခဲ့ပြီး ပြန်လည် လက်ခံရေးစခန်းတွေကို သွားရောက်ခဲ့တယ်လို့ မောင်တောအခြေစိုက် သတင်းထောက်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား စစ်သံမှူးတွေဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူလူမျိုးတွေနဲ့ပါ တွေ့ဆုံခဲ့ ပါတယ်။

ဟိန္ဒူလူမျိုးတွေနဲ့ တွေ့ဆုံရာမှာတော့ မိသားစုဝင်တွေ အသတ်ခံရတဲ့နောက် ဘင်္ဂလားဒေ့ရှ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံထဲကို ပြန်ရောက်လာတဲ့ ဟိန္ဒူအမျိုးသမီး ၈ ဦးနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

မောင်တောမြို့က ရခိုင်လူမျိုးခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခဲ့ရာမှာတော့ မောင်တောမှာ အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့တဲ့ အကြောင်း အရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို လူအများအပြား ထွက်ပြေးရတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံခြား စစ်သံမှူးတွေဟာ ဒီခရီးစဉ်အတွင်း ဒေသခံ လူမျိုးစု ခေါင်းဆောင်တွေ ကို အထူး အလေးထား တွေ့ဆုံ မေးမြန်းခဲ့သလို မြေပြင် အနေထားကိုလည်း အသေအချာ လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်သွားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောဆိုပါတယ်။