Facebook ကို စောင့်ကြည့်မယ်

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မြန်မာနိုင်ငံက လူမှုကွန်ရက် သုံးသူတွေ ဥပဒေနဲ့ အညီ သုံးတတ်အောင် ပညာပေးရေး လုပ်ဆောင်နေ

Facebook လို လူမှုကွန်ရက်တွေ သုံးပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှု တွေကို ဖော်ထုတ် အရေးယူနိုင်ဖို့ လူမှုကွန်ရက် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ Social Media Monitoring Team - SMMT ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက် နေ့က ဖွဲ့စည်းခဲ့တယ်လို့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ဒီအဖွဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ Hardware နဲ့ Software အပါအဝင် လိုအပ်တာတွေ အတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၆၄၂၆ သန်း သုံးတယ်လို့လည်း ဆက်သွယ်ရေး ဝန်ကြီးဌာနက လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

အဲဒီ အဖွဲ့ကို သမ္မတရုံးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံး တို့က တာဝန်ရှိသူတွေ ပါဝင် ဖွဲ့စည်း ထားတာဖြစ်ပြီး အဲဒီအဖွဲ့အောက်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာန ပညာရှင်တွေ ပါဝင်တဲ့ လုပ်ငန်း ကော်မတီတွေကို ဆက်လက် ဖွဲ့စည်းသွားမယ်လို့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချစ်ဝေက ပြောပါတယ်။

လုပ်ငန်းတွေကို လာမယ့် ဧပြီလ လောက်မှာ စတင် အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့် လုပ်ဆောင် နေတယ်လို့လည်း သူက ပြောပါတယ်။

လူငယ်တွေရဲ့ အကျင့် စာရိတ္တကို ထိခိုက် စေနိုင်တာတွေနဲ့ ရပ်ရွာ အေးချမ်းမှု ပျက်ပြားစေနိုင်တဲ့ ကိစ္စရပ်တွေကို အဓိက ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်ပြီး မကြာခင် ဖွဲ့စည်း ပေါ်ပေါက်လာမယ့် လုပ်ငန်း ကော်မတီတွေက နိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေ အရ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးချစ်ဝေက ပြောပါတယ်။

Facebook လို လူမှုကွန်ရက်မှာ လူငယ်တွေ မကြည့်သင့်တာတွေ၊ တစ်ယောက်နဲ့ တစ်ယောက် အမုန်း ပွားစေနိုင်တာတွေကို ရေးကြ တင်မိကြတာကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လူ အတော် များများက မသိကြတဲ့ အတွက် Facebook နဲ့ ပူးပေါင်းပြီး အသိပညာ ပေးရေးတွေကို ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေ အနေတွေ၊ ပြည်ပ နိုင်ငံတွေရဲ့ ဥပဒေတွေ ထဲက ကိုယ့်နိုင်ငံနဲ့ ဆီလျော် တာတွေကို ကမ္ဘာ့ဘဏ် အကူအညီနဲ့ ဆိုက်ဘာ ဥပဒေ မူကြမ်း ရေးဆွဲ တာလည်း ပြီးနေပြီလို့ သိရ ပါတယ်။

ဆက်စပ် အကြောင်းအရာများ