ကေအန်ယူနဲ့ တပ်မတော် တိုက်ပွဲ ပြေငြိမ်းရေး JMC-Uမှာ ဆွေးနွေးမယ်

Image caption ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပတဲ့ JMC-U အစည်းအဝေးမြင်ကွင်း

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲ တပ်မတော်နဲ့ ကရင် အမျိုးသားအစည်းအရုံး(KNU)တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြေငြိမ်းရေးကို မတ် ၂၁ရက် စတင် ကျင်းပမယ့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်မှု ကော်မတီ (JMC-U)ရဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေးမှာ အဓိက ထားဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှောင်ရှားနိုင်ဖို့ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေအကြားမှာ မဆွေးနွေး နိုင်သေးတာကြောင့် လာမယ့် အစည်းအဝေးမှာ အဆိုပြုနိုင်ဖို့ စဉ်းစားထားတယ်လို့ JMC-U အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အဖွဲ့က ဆလိုင်းယောအောင်က ပြောပါတယ်။

အောက်ခြေမှာ ထိပ်တိုက်ဖြစ်နိုင်တဲ့ နေရာတွေကို ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မလဲ၊ မဖြစ်အောင်ဘယ်လို ထိန်းသိမ်း ကြမလဲ ဆိုတာ နှစ်ဖက် အဖွဲ့ အစည်းတွေ တွေ့ဆုံပြီး ဆွေးနွေးဖို့ စီစဉ်ထားသလို တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ရွာသားတွေ သူတို့ ဇာတိမြေမှာ ပြန်အခြေချနေထိုင်ရေးကို ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ကို တိတိကျကျ လိုက်နာမယ်ဆိုရင်တော့ အခုလို ပြဿနာတွေ မဖြစ်နိုင်ဘူး လို့လည်း ဆိုပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုမျိုးကို ဖြေရှင်းဖို့ တိုင်းနယ်ပြည်နယ် အဆင့် JMC-Uတွေက ဆောင်ရွက်နိုင်ဖို့ အားနည်းတာကြောင့် ပြည်ထောင်စု အဆင့်မှာ ဆွေးနွေးရတာ ဖြစ်ပါတယ်။