ရိုက်တာသတင်းထောက်တွေ အဖမ်း ခံရတာ ရက် ၁၀၀ ပြည့်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ၁၁ ကြိမ်မြောက် ရုံးထုတ်တဲ့နေ့ကတွေ့ရတဲ့ သတင်းထောက် ကိုကျော်စိုးဦးနဲ့ သူ့သမီးငယ်

နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဖမ်းဆီး တရားစွဲခံ ထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို အမြန်ဆုံး လွှတ်ပေးဖို့ ရိုက်တာ သတင်းဌာန အယ်ဒီတာချုပ်က ထပ်မံ တောင်းဆိုလိုက် ပါတယ်။

သူတို့ကို ဖမ်းဆီးထားတာ ရက် ၁၀၀ ပြည့်တဲ့ မတ် ၂၁ ရက်မှာပဲ သူတို့ကို ပြန်လွှတ်ဖို့ ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ်က ဒီနေ့မှာပဲ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သတင်းထောက် တွေဟာ သတင်းခန်းထဲမှာ ရှိနေ ရမယ့်အစား အချုပ်ခန်းထဲမှာ ရှိနေတဲ့ အတွက် သူတို့ တာဝန် သူတို့ ထမ်းဆောင် နိုင်အောင် ပြန်လွှတ်ပေးပါလို့ သူက ဆိုပါတယ်။

သတင်းထောက် ကိုဝလုံးက သူတို့ကို ထောင်ထဲမှာ ရက်အကြာကြီး ဖမ်းဆီးထား ပေမယ့် သတင်းသမားစိတ် အပြည့်မွေးထားပြီး ပြန်လွတ်လာရင် သတင်းလုပ်ငန်း ကိုပဲ လုပ်မယ်လို့ ၁၁ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးအပြီး ပြောခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မတ်လ ၂၁ ရက် နေ့က မြောက်ပိုင်းခရိုင် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အခု ရုံးထုတ် ရာမှာလည်း သူတို့ကို သတင်းပေးမယ် ဆိုပြီး မင်္ဂလာဒုံက စားသောက်ဆိုင်ကို လာဖို့ ချိန်းခဲ့တဲ့ ရဲဝန်ထမ်း နှစ်ယောက်နဲ့ ပတ်သက်လို့ တစုံတရာ သတင်း ထုတ်ဖော်မှု မရှိသေးပါဘူး။

တရားလိုပြ သက်သေတွေ အဖြစ် ကိုဝလုံးရဲ့ ညီနဲ့ ကျောက်တံတားက ဆယ်အိမ်မှုး ဦးပြည်သိမ်း တို့ကို စစ်မေးရာမှာ ရဲတွေက ဘာတွေကို ရှာဖွေ သိမ်းဆည်း သွားခဲ့တယ်ဆိုတာ ထွက်ဆိုခဲ့ပြီး သူတို့ ရှာတဲ့ နေအိမ်နဲ့ ဟိုတယ်တွေမှာ အစိုးရ၊ နိုင်ငံတော်၊ ရုံးဌာန တွေနဲ့ ပတ်သက်မှု၊ ရဲတွေနဲ့ရော နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ပါ အထောက်အထား လုံးဝ မရှိဘူးလို့ ထွက်ဆိုခဲ့ကြကြောင်း သတင်းထောက် တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

တရားလိုပြ သက်သေ ၁၀ ယောက်ကျော်ကို စစ်ဆေးခဲ့အပြီး သူတို့တွေရဲ့ ထွက်ဆိုချက်တွေမှာ ကွဲလွဲမှုတွေ ရှိနေတာ၊ နိုင်ငံတကာက စောင့်ကြည့် ဖိအားပေး တောင်းဆိုနေတာတွေက သတင်းထောက်တွေ လွတ်မြောက်ဖို့ အားသာချက်တွေ ဖြစ်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ဒီသတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ မတ်လ ၂၁ ရက်မှာပဲ တောင်းဆိုလိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ