သမ္မတနဲ့ လွှတ်တော် ဥက္ကဌ တနေ့တည်း နှုတ်ထွက်

Image caption ဂုဏ်ထူးဆောင် ရာထူးထက်ပိုတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ခွဲဝေပေးလာလား

မြန်မာနိုင်ငံမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရ သက်တမ်း ၂ နှစ် ကျော်လာချိန်၊ သမ္မတနဲ့ လွှတ်တော် ဥက္ကဌ တို့ နှစ်ယောက် တစ်နေ့တည်း နှုတ်ထွက်သွားတဲ့ မကြုံစဖူး ဖြစ်ရပ်မျိုး မတ်လ ၂၁ ရက်နေ့က ပေါ်ပေါက်လာပါတယ်။

ကျန်းမာရေးကြောင့် အနားယူချင် နေပြီ ဆိုတဲ့ သတင်းတွေ လပေါင်း အတန်ကြာ ကတည်းက ထွက် နေခဲ့တဲ့ သမ္မတ ဦးထင်ကျော်ဟာ ရာထူး နေရာကနေ နှုတ်ထွက်ကြောင်း ကြေညာ လာခဲ့သလို၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်လည်း နှုတ်ထွက်စာ တင်ခဲ့ပြီ ဖြစ်ကြောင်း လက်ရှိ ကျင်းပ လက်စ လွှတ်တော်မှာ ကြေညာ ခဲ့ပါတယ်။

ဒါ့ကြောင့် ခုရက်ပိုင်းတွေမှာပဲ သမ္မတ ရာထူး နေရာမှာရော၊ အရေးကြီးတဲ့ လွှတ်တော် ဥက္ကဌ နေရာမှာပါ လူအပြောင်းအလဲ တွေ ဖြစ်လာတော့မှာပါ။

မြန်မာ့ စာပေနဲ့ ကဗျာ လောကမှာ အထင်ကရ ပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ၉ဝ ရွေးကောက်ပွဲနိုင် အမတ် လည်းဖြစ်တဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ သား ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီး၊ မိသားစု မိတ်ဆွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းစည်းထဲ အမြဲ ရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ဖွဲ့စည်းပုံ အကြပ်အတည်းကြောင့် သမ္မတ ရာထူး နေရာကို ဒေါ်အောင်ဆန်းစုကြည် မရယူနိုင်တဲ့ အခါ၊ လူယုံ တစ်ဦး ဖြစ်တဲ့ ဦးထင်ကျော်ကို သမ္မတ ဖြစ်စေခဲ့ပြီး၊ သူကတော့ အစိုးရ ယန္တရားကို လက်တွေ့ အရ ဦးဆောင်မှု ပေးနိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူး နေရာကို ဖန်တီး ရယူ ခဲ့ပါတယ်။

ဦးထင်ကျော်ကတော့ ဖွဲ့စည်းပုံက ပေးထားတဲ့ သမ္မတ ရဲ့ နိုင်ငံရေး အာဏာကို ကျင့်သုံးပြီး မူဝါဒ ဖော်ဆောင် လမ်းစဉ် ချမှတ်သူ တစ်ဦးထက် စာရင်၊ ဂုဏ်ထူးဆောင် ရာထူး နေရာကို ရယူထားသူ တစ်ဦး အဖြစ်သာ ပြုမူ ခဲ့ပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းစည်းထဲက သမ္မတ ဦးထင်ကျော်

ဦးထင်ကျော် အခုလို ရာထူး နေရာ ကနေ ထွက်သွားတဲ့ အခါ ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က နာမည်စာရင်း တင်သွင်းခဲ့ပြီး ဒုတိယ သမ္မတ တစ်ယောက် ဖြစ်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ယာယီ သမ္မတ အဖြစ် တာဝန် ယူတဲ့ အကြောင်း အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို အခုလို ပြောပါတယ်။

သမ္မတ နှုတ်ထွက်တဲ့ နေ့မှာပဲ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်လည်း နှုတ်ထွက်ကြောင်း ကြေညာ ခဲ့တာ ဖြစ်လို့ ၊ လွှတ်တော်မှာ လွှမ်းမိုး ထားတဲ့ NLD ပါတီ ကနေ သမ္မတ လောင်း အဖြစ် အမည် စာရင်း တင်သွင်း လာမယ့်သူဟာ ဦးဝင်းမြင့်ပဲ ဖြစ်လိမ့်မယ် ဆိုတဲ့ ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက် လာစေပါတယ်။

တရားလွှတ်တော် ရှေ့နေ ဖြစ်ခဲ့တဲ့ ဦးဝင်းမြင့်ဟာ ကိုယ်တိုင် နိုင်ငံရေး နောက်ခံကလာပြီး၊ NLD ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော် ဥက္ကဌ သက်တမ်း ၂ နှစ်ကျော် ကာလ အတွင်းမှာလည်း ရာထူးနဲ့ လျော်ညီနဲ့ ဆောင်ရွက် ပြောဆိုမှုတွေ ရှိခဲ့တယ်ဆိုပြီး နိုင်ငံရေး အကဲဖြတ်တွေကတော့ သုံးသပ်ကြပါတယ်။

Image caption နိုင်ငံရေး စွမ်းရည်ရှိတဲ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး အရ စွမ်းဆောင်နိုင်သူ တစ်ဦးကို သမ္မတ နေရာမှာ ထားပြီး ဂုဏ်ထူးဆောင် ရာထူးထက်ပိုတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ခွဲဝေပေးလာ နိုင်ပါသလား။

ဘီဘီစီရဲ့ အရှေ့တောင် အာရှ ရေး ဆိုင်ရာ သတင်းထောက် ဂျွန်နသန် ဟက်ဒ် ပြောတာကတော့ "ဦးဝင်းမြင့်ဟာ အရည်အချင်း ရှိတဲ့သူ မှန်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အခါမျိုး ရှိလာရင် ၊ သူ သဘောမကျကြောင်း အတိုက်အခံလုပ် ဆန့်ကျင်ပြောမယ့် သူမျိုးတော့ မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအတိုင်း လိုက်မယ့် ပုဂ္ဂိုလ်သာ ဖြစ်တယ်" လို့ ဂျွန်နသန် ဟက်ဒ်က သုံးသပ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို မြန်မာအစိုးရဘက်က ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အတိုင်ပင် ပုဂ္ဂိုလ် ရာထူး၊ နိုင်ငံခြားရေး ဝန်ကြီး တာဝန်တွေနဲ့ ထမ်းထားရတဲ့ ဝန်က ကြီးလွန် နေတယ်လို့လည်း ဂျွန်နသန် ဟက်ဒ်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ဦးထင်ကျော် တာဝန်က နှုတ်ထွက်

ဒီသတင်းနဲ့ပတ်သက်သမျှ