မန္တလေးက သက်ငယ်မုဒိမ်းမှု သေဒဏ်ပေး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရုံးချိန်း ငါးချိန်းနဲ့ တရားလိုပြ သက်သေ ၂၃ ဦးကို စစ်ဆေးအပြီး ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ အခုလို အမိန့်ချမှတ် နိုင်ခဲ့

မန္တလေးတိုင်း မတ္တရာ မြို့နယ် ကူးတို့ဆိပ်ရွာက ၂ နှစ် အရွယ် အမျိုးသမီးငယ်တဦးကို အဓမ္မ ပြုကျင့်ပြီး အသက် သေဆုံးစေခဲ့တဲ့ ဖိုးထက်အောင်ကို ပြင်ဦးလွင်ခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၂ နှစ် အရွယ် မစံရတီမြင့်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အဓမ္မ ပြုကျင့်ခံပြီး သေဆုံးခဲ့တဲ့အတွက် ၂၃ နှစ် အရွယ် ဖိုးထက်အောင်ကို အဓမ္မ ပြုကျင့်မှု ၃၇၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ဂ) လူသတ်မှုတွေနဲ့ မသေမချင်း ကြိုးကွင်းစွပ် သတ်စေ ဆိုတဲ့ အမိန့် ချမှတ် ခံရတာ ဖြစ်ပါတယ်။

ဒီအမှုကို မတ်လ ၂၂ ရက်နေ့မှာ စတင် တိုင်ကြားပြီး ရုံးချိန်း ငါးချိန်းနဲ့ တရားလိုပြ သက်သေ ၂၃ ဦးကို စစ်ဆေးအပြီး နောက်ဆုံး ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ အခုလို အမိန့်ချမှတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြစ်ဒဏ် ချမှတ်ရာမှာ ဖိအားကြောင့် ချမှတ်ခဲ့တာ မဟုတ်သလို စံပြဖြစ်အောင် အပြစ်ပေးတာလည်း မဟုတ်ပဲ အဓမ္မမှု ကျူးလွန်ရင်း လူသတ်မှုပါ တပါတည်း ကျူးလွန်ခဲ့တဲ့အတွက် သေဒဏ်ပေးတာ ဖြစ်ပြီး သက်ငယ်မုဒိမ်းအမှုရဲ့ ပြစ်ဒဏ်ကတော့ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင် တရားရုံး ပြန်ကြားရေး အရာရှိလည်း ဖြစ် ဒုတိယ ခရိုင် တရားသူကြီးလည်း ဖြစ်တဲ့ ဒေါ်ဌေးဌေးမော်က ရှင်းလင်းခဲ့ပါတယ်။

မစံရတီမြင့်ရဲ့ ဖခင်ကတော့ အခုလို စီရင်ချက် ချလိုက်သူတွေကို မိဘအားလုံး ကိုယ်စား ကျေးဇူးတင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တရားလို ရှေ့နေ ဦးဝေဖြိုးမောင်မောင်ကလည်း အခုလို တရားစီရင်မှုဟာ မျှတသလို ကျူးလွန်သူဘက်ကလည်း စွဲချက် တင်ထားကတည်းက ဝန်ခံထားတဲ့အတွက် နောက်ထပ် စစ်ဆေးစရာ မလိုတော့ပဲ အမိန့်ချနိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese

ဒီအမှုကို သေဒဏ် ချမှတ်ခဲ့တဲ့ အတွက် တခြား ဒေသတွေက သက်ငယ် မုဒိမ်းမှုတွေမှာလည်း သေဒဏ်ပေးဖို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝန်းက နေရာ အနှံ့အပြားမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အခုလို ချမှတ်လိုက်တဲ့ သေဒဏ်ဟာ NLD အစိုးရလက်ထက်မှာ ပထမဆုံး ချမှတ် လိုက်တဲ့ သေဒဏ်လည်း ဖြစ်ပါတယ်။

ယခင် အစိုးရ လက်ထက်မှာလည်း သေဒဏ် ချခံရသူတွေ ရှိပေမယ့် အမှန်တကယ် သေဒဏ် ပေးခံရခြင်း မရှိသေးပဲ လွတ်ရက် မရှိ တသက် တကျွန်း ကျခံသူတွေ အနေနဲ့ ထောင်တွေ ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။