ဦးဝင်းမြင့်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုနဲ့ ရပ်တည်ချက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ၁၉၉၀၊ ၂၀၁၂ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အားလုံးမှာ ဦးဝင်းမြင့် ရွေးကောက်ခံခဲ့ရ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ဒုတိယ သမ္မတ အဖြစ် မတ်လ ၂၃ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ မဲခွဲ အတည်ပြု လိုက်ပါတယ်။

၁၉၈၈ ခုနှစ်က စတင်ပြီး နိုင်ငံရေး လောကထဲကို ဝင်ရောက်လာတဲ့ ဦးဝင်းမြင့်ဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ဒီမိုကရေစီရေး အပြောင်းအလဲ အတွက် အခု အချိန်အထိ တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်ခဲ့သူ အဖြစ် မှတ်ကျောက်တင် ခံနိုင်သူလို့ သူနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်သူ NLD ပါတီရဲ့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အကျပ်အတည်း ကာလ တလျှောက်လုံးမှာ အခက် အခဲတွေ ကြားက တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင် ခဲ့သူဖြစ်တယ်လို့ သူက ပြောပါတယ်။

NLD ပါတီ ခေါင်းဆောင် ဦးအောင်ရွှေ လက်ထက်က စတင်ပြီး အခုအချိန်အထိ ပါတီအပေါ် မှာရော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာပါ လိုအပ်တဲ့ အချိန်မှာ ထက်ထက် မြက်မြက် အကျိုးပြုနိုင်တဲ့ စွမ်းဆောင်ရည် ရှိသူ ဖြစ်တယ်လို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

NLD ပါတီ ရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရတဲ့ ကိစ္စ ဖြစ်ပြီး ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲ ဝင်နိုင်မယ်ဆိုတဲ့ ကိစ္စကို လက်မခံနိုင်သူတွေထဲမှာ မားမားမတ်မတ် ပါဝင်ခဲ့သူ၊ နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်သူ၊ ပါတီ ရပ်တည် သွားသင့်တဲ့ လမ်းကြောင်း ကိုမှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်သူ အဖြစ် မှတ်မှတ်သားသား အသိအမှတ် ပြုမိတယ်လို့လည်း သူက ပြောပါတယ်။

ဦးဝင်းမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရခဲ့သူဖြစ် ပါတယ်။

တခါ ၂၀၁၂ ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲ မှာပါ ထပ်မံ ရွေးကောက် ခံခဲ့ရပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်မှာ ရိုးသားမှုရှိပြီး အဆုံးအဖြတ် ပေးရမယ့် ကိစ္စတွေမှာ ဘယ်သူ့မျက်နှာမှ မထောက် နိုင်ငံအမြင်၊ အမျိုးသား အကျိုးစီးပွားတို့ကို ရှေးရှုလို့ ပါတီရဲ့ မူဝါဒ အရ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

လာမယ့်တစ်ပတ် ပြည်ထောင်စု လွှတ်တော်မှာ ဒုတိယ သမ္မတ သုံးယောက်ထဲက တစ်ယောက်ကို သမ္မတ အဖြစ် ရွေးချယ်တဲ့ အခါမှာလည်း ဦးဝင်းမြင့်ပဲ ရလိမ့်မယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ခန့်မှန်း ပြောဆိုနေကြပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပြီပြီပြင်ပြင် ထိထိ ရောက်ရောက် ဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံလက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ အခြေအနေ တွေကိုနားလည် သဘောပေါက်ပြီး နောင်ရင်ဆိုင် လာရနိုင်တဲ့ စိန်ခေါ်မှုတွေကို ကောင်းကောင်း သတိပြုမိတဲ့ အတွက် သူ သမ္မတ တာဝန် ယူလာရမယ် ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှု တွေ၊ မျှော်လင့်မထားတဲ့ ရင်ဆိုင်ရမှုတွေမှာပါ မှန်မှန်ကန်ကန် ရုန်းကန် လှုပ်ရှား သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ