နယ်ခြားစောင့်စခန်းထဲ တပ်မတော် ဝင်စစ် လိုင်စင်မဲ့ ကားတွေသိမ်း

ဓာတ်ပုံ မူပိုင် Global New Light Of Myanmar
Image caption မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ရေး တံခါးဂိတ်ကြီးတခု

မြဝတီမြို့မှာ ရှိတဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့် တပ် BGF စခန်းထဲကို ပြီးခဲ့တဲ့ မတ်လ၂၃ ရက်နေ့က တပ်မတော်ကနေ ဝင်ရောက် စစ်ဆေးပြီး စခန်းထဲမှာ ရှိတဲ့ လိုင်စင်မဲ့ ကား ၁၈၄ စီးကို သိမ်းဆည်းသွားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံတွေလည်း စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဘက် တပ်မှူးတွေလည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ်။

အဓိက ကတော့ တိုင်စာ ရလို့ လာတာဖြစ်ပြီး လိုင်စင်မဲ့ကားတွေ နိုင်ငံခြားသားတွေ လုပ်ကိုင်နေတယ် ဆိုတဲ့ သတင်းရလို့ လာဖမ်းတာ ဖြစ်ကြောင်း၊ အဲဒီအချိန်မှာ သူတို့အဖွဲ့က လူကြီးတွေကလည်း ရုံးပေါ်မှာ အစည်းအဝေး လုပ်နေတဲ့ အချိန်နဲ့ သွားတိုက်ဆိုင်နေတာကြောင့် အဲဒီလို လာဖမ်းတဲ့ အပေါ် လူကြီးတွေက စိတ်မကောင်း ဖြစ်သွားတယ်လို့ BGF တပ်ဖွဲ့က ဗိုလ်မှူး နိုင်မောင်ဇော် က ပြောပါတယ်။

သူတို့အနေနဲ့ အဲဒီလို လာဖမ်းတဲ့ အတွက် အံ့အားသင့် ခဲ့ကြပြီး နှစ်ဖက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာ သဘောထား ကွဲလွဲမှုတွေ ရှိလာတော့ လူကြီးတွေ တက်လာပြီး အဲဒီညမှာတင် လိုင်စင်မဲ့ ကား တရာ့လေးစင်း နဲ့ နောက်ထပ် အစင်း ရှစ်ဆယ် အားလုံးပေါင်း ၁၈၄ စင်း သွားအပ်ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီကားတွေဟာ နယ်စပ် ကင်းစခန်းမှာ ဂျပန် ကနေ ထိုင်းတဆင့် အကောက်ခွန်မဲ့ တင်သွင်းလာတာ ဖြစ်ပြီး စီးပွား ကူးသန်းက ပါမစ် ပိတ်လိုက်တဲ့ ကားတွေ အပြင် မြ၀တီ မြို့က သူပိုင် ငါပိုင် ကားတွေလည်း ပါပါတယ်လို့ သူက ရှင်းပြပါတယ်။

ဒါဟာ လိုင်စင်မဲ့ကားတွေ ပထမဆုံး ဖမ်းခံရတာ ဖြစ်ပြီး နှစ်နှစ်ဆယ် အတွင်း တပ်မတော်နဲ့ ဒါမျိုး ထိပ်တိုက်မဖြစ်ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။

ဒီကားတွေကို နိုင်ငံတော် လေလံပွဲတွေမှာ စောင့်ပြီး ပြန်၀ယ်ယူသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ