တော်လှန်ရေးနေ့ ၇၃နှစ် ပြည့်မြောက်ခဲ့ပြီ

ဓာတ်ပုံ မူပိုင် MOI
Image caption တပ်မတော် ကြည်း ဗိုလ်လောင်းသင်တန်း ဆင်းပွဲ

တော်လှန်ရေးနေ့ အဖြစ် အရင်က သတ်မှတ်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် နှစ်စဉ် စစ်ရေးပြ အခမ်း အနားတွေနဲ့ ဂုဏ်ပြု ကျင်းပ လာတာ အခုလို ဆိုရင် ၇၃ နှစ်ရှိခဲ့ ပါပြီ။

အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ မြန်မာ့ တပ်မတော် ဟာ သမိုင်းမှာ အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု လုပ်ခဲ့သလို၊ စစ်သည် အင်အား အပါ အဝင် ကြည်း၊ ရေ ၊ လေ စစ်ယန္တယား တွေဟာလည်း အင်အား အမြင့်ဆုံး မှာ ရှိနေပါတယ်။

နိုင်ငံတော် ဘတ်ဂျက် ခွဲတဲ့နေရာမှာလည်း နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်က ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး အခု ၂၀၁၇ -၂၀၁၈ အတွက်တော့ အသုံးစရိတ် တတိယ နေရာမှာ ရှိနေပါတယ်။

လက်ရှိကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ၊ တပ်မတော်ဟာ အင်အားအကြီးဆုံး အနေအထားမှာ ရှိနေပေမယ့် ၊ တဘက်မှာလည်း ဒီကနေ့ အချိန်ဟာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အားလုံးက ကြိုးပမ်း နေကြတာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေး စကား ပြောနေချိန်မှာ တပ်အင်အား ကြီးထွားအောင် လုပ်ပြီး တိုင်းရင်းသား နယ်မြေတွေမှာ သေနတ်သံ မစဲ ဖြစ်နေတာဟာ ပြည်တွင်း စစ်မီးကို ဆက်လက် တောက်လောင်စေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံဟာ ဖွံ့ဖြိုးမှု အနည်းဆုံး LDC ဘဝက နေ ရုန်းထွက် နိုင်ဖို့ ကြိုးစားနေ သလို၊ အများပြည်သူ လူမှု ဘဝတွေဟာလည်း အဖက်ဖက်က နိမ့်ကျနေတာ ဖြစ်လို့ ကာကွယ်ရေး အသုံးစရိတ်ကို လျော့ချပြီး တခြား လိုအပ်မှု ရှိနေတဲ့ အပိုင်းကို ဖြည့်ဆည်း ဖို့ အတွက်ကို အခု အချိန်မှာ စဉ်းစားသင့်ကြောင်း လေ့လာသူ တချို့က ထောက်ပြနေကြပါတယ်။