၈၈ အမည်နဲ့ ပါတီတည်ထောင်ခွင့် ကော်မရှင်ခေါ်ယူဆွေးနွေး

ဓာတ်ပုံ မူပိုင် KOKOGYI'FACEBOOK
Image caption ၈၈ ပါတီဖြစ်မြောက်ရေးတာဝန်ခံတွေ ရွေးကောက်ပွဲကော်မရှင်နဲ့သွားရောက်တွေ့ဆုံ

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီဗဟို ဦးဆောင် တာဝန်ခံ ဦးကိုကိုကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပါတီသစ်တည်ထောင်ခွင့်ပြုမှုအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မတ်လ ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရှစ်လေးလုံးပါတီဆိုတဲ့ နာမည်နဲ့ ပါတီတည်ထောင်ခွင့်ကို လွန်ခဲ့တဲ့ ၃ လကျော်ကတည်းက တင်ထားပေမယ့် မကျသေးလို့ ဒီနာမည်နဲ့ မှတ်ပုံတင်ကျမကျဆိုတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားမှု တွေ ရှိနေပါတယ်။

အခုအခါ ပါတီသစ် တည်ထောင်ခွင့်ကို သက်ဆိုင်ရာဌာနတွေက စိစစ်ပြီးတဲ့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကာယကံရှင်တွေကို ခေါ်ယူဆွေးနွေးတာ ဖြစ်တယ်လို့ နေပြည်တော်ကို သွားရောက်ဆွေးနွေးခဲ့တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံပြောဆိုခဲ့မှုအပေါ် ဦးကိုကိုကြီးက

'' အခုဟာက ကန့်ကွက်တဲ့ သဘောလည်းမဟုတ်ဘူး။ ကော်မရှင်အနေနဲ့ အခုလိုတွေ့တာက ဒီနာမည် အတိုင်း သုံးစွဲတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတစုံတရာဖြစ်မှာမျိုးကို စိုးရိမ်တဲ့အတွက် ဒါကိုခေါ်ပြီး ရှင်းပြတာပါ'' လို့ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေပါဝင်တဲ့ ရှစ်လေးလုံးအမည်နဲ့ ပါတီသစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့ က နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

ရှစ်လေးလုံးအမည်နဲ့ ပါတီတည်ထောင်မှုအပေါ် ၈၈ အရေးတော်ပုံမှာပါဝင်သူတချို့က ခုလိုပါတီတခုအတွက် အမည်သုံးစွဲမှုအပေါ် လက်မခံနိုင်ကြောင်း လူမှုကွန်ရက်မီဒီယာတွေနဲ့ သတင်းစာမျက်နှာတွေကတဆင့် ကန့်ကွက်တာမျိုးတွေလည်း ရှိနေပါတယ်။

အခုလို ၈၈၈၈ ပါတီအမည်ပေးရတာ ဒီနိုင်ငံရေးပါတီမှာ ပါဝင်တည်ထောင်သူတွေဟာ ၈၈ မှာ သက်ဆိုင်ရာ တိုင်းဒေသအသီးသီးတွေကနေ ပါဝင်ခဲ့တဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေ တည်ထောင်ထားဖြစ်လို့ဆိုပြီး ဦးကိုကိုကြီး က ပြန်လည်တုန့်ပြန်ပြောဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ပါတီထူထောင်ခွင့် မှတ်ပုံတင်လျှောက်ထားတာ ၃ လ ကျော် ကြာမြင့်မှသာ ခုလို ခေါ်ယူတွေ့ဆုံရတာနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှထွန်းက

'' မရဘူး၊ ရတယ်လို့ပြောတာမဟုတ်ဘူး။ သူတို့ဆန္ဒအတိုင်းပဲ ကြိုက်ရာနာမည်နဲ့ လုပ်ပါ၊ ရွေးပါလို့ပြောတာ'' လို့ ပြောပါတယ်။

မူလမှတ်ပုံတင်ထားတဲ့ ရှစ်လေးလုံးပါတီ အမည်အတိုင်း ဆက်လုပ်ဆောင်မလားဆိုတဲ့အပေါ် ပါတီဝင်တွေကို တွေဆုံခေါ်ယူညှိနှိုင်းပြီး လာမယ့်ဧပြီ ၆ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်လည်တွေ့ဆုံ ပြောဆိုမှာဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ