ငြိမ်းချမ်းရေးကိစ္စ မဖြစ်နိုင်တာ မတောင်းဆိုဖို့ တပ်ချုပ် သတိပေး

ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာစိတ်မွေးပြီး စည်းလုံး ညီညွတ်ကြဖို့ ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေကို တောင်းဆို အချိန်ဆွဲ နေမယ့် အစား ဖြစ်သင့် ဖြစ်ထိုက်တာ တွေကို ညှိနှိုင်း ဆောင်ရွက်မှသာ လက်တွေ့ ကျမယ်လို့ ၇၃ ကြိမ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာကို အမီလိုက်နိုင်ဖို့ရာ လူမျိုး ဘာသာ မခွဲခြားဘဲမြန်မာစိတ်မွေးပြီး စည်းလုံး ညီညွတ်ကြဖို့လည်း သူက တိုက်တွန်း ပါတယ်။

တပ်မတော်က ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီချုပ်တွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူးတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ နိုင်ငံခြား သံတမန်တွေ တက်ရောက်ခဲ့ တဲ့ နေပြည်တော်က စစ်ရေးပြ အခမ်းအနားမှာ စစ်ကြောင်းအလိုက် ချီတက်တာတွေနဲ့ အထူး တပ်ဖွဲ့ဝင်တွေက လေယာဉ်တွေ ရဟတ်ယာဉ်တွေကို စွမ်းရည်ပြ ပျံသန်းတာတွေ ပါဝင်ခဲ့ ပါတယ်။

အခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲမှာ ထူးခြားတာက ချီတက်လာတဲ့ စစ်ကြောင်းတွေရဲ့ စစ်ကြောင်းမှူးကြီးတွေကို သူတို့က ဘာတိုင်းရင်းသား လူမျိုးဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတဲ့ အချက်က ထူးခြားတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒါ့အပြင် ခါတိုင်းနှစ်တွေလို စက်ယန္တယား ကြီးတွေ၊ တင့်ကား ကြီးတွေ ထည့်သွင်းတာ မတွေ့ရဘူးလို့လည်း သူက ဆိုပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာတော့ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့ ဆိုပြီး အခမ်းအနား ကျင်းပခဲ့ပါတယ်။

အမျိုးသားရေးနဲ့ တိုင်းရင်းသား လူမျိုးစုတွေ အရေးမှာ စစ်အင်အားနဲ့ သြဇာသက်ရောက်ဖို့ ဆောင်ရွက် နေတာကို အဆုံးသတ်ရမယ်လို့လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပါတီပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်က မြန်မာ နိုင်ငံဟာ ထူးခြားတဲ့ အခြေအနေမှာ ရှိနေပြီး ဒေါ်အောင်ဆန်း စုကြည်ကလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို သိထားကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့ တပ်မတော်၊ အစိုးရ တိုင်းရင်းသား လက်နက်ကိုင် ညှိနှိုင်းဆောင်ရွက်ရင် အောင်မြင်မယ် ဆိုတဲ့ မူကိုပဲ NLD အနေနဲ့ ဆက်ကိုင်ထားတယ်လို့ ပြောပါတယ်။