ဦးဝင်းမြင့် သမ္မတသစ်ဖြစ်လာ

ဦးဝင်းမြင့် သမ္မတသစ်ဖြစ်လာ
Image caption ဦးဝင်းမြင့် သမ္မတသစ်ဖြစ်လာ

မတ်လ ၂၈ ရက်နေ့ နေပြည်တော်က မဲပေးစနစ်ဖြင့် ပြုလုပ်တဲ့သမ္မတရွေးချယ်ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ထောက်ခံမဲအများဆုံးရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ မဲပေးရွေးချယ်ရာမှာ ဦးဝင်းမြင့် က ထောက်ခံမဲ ၄၀၃ ရရှိခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေက ၂၁၁ မဲရရှိခဲ့ပါတယ်။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ၁၈ မဲရရှိခဲ့ပါတယ်။

ဦးဝင်းမြင့်ဟာ မတ်လတ် ၂၁ ရက်မှာ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ တာမွေမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရာမှာ ရဲရင့်ပြတ်သားတယ်လို့ လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပါတယ်။

သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အပြင် အန်အယ်ဒီပါတီအပေါ် သစ္စာရှိသူလည်း ဖြစ်တယ်လို့ အန်အယ်ဒီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တဦးဖြစ်တဲ့ ဒေါက်တာမျိုးညွှန့် က ဘီဘီစီကို ပြောပါတယ်။

"သူဟာအလုပ်လုပ်တဲ့နေရာမှာ တိကျသေချာတယ်။ ဥပဒေပညာရှင်တယောက်ဖြစ်သလို နိုင်ငံရေးလောကရဲ့အတွေ့အကြုံလည်း ကြွယ်ဝသူတစ်ယောက်ဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီး လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဦးဝင်းမြင့်ရဲ့ နိုင်ငံရေးခံယူချက်ဟာ ၈ လေးလုံးကာလမှာပါဝင်လှုပ်ရှားခဲ့တဲ့နိုင်ငံရေးအတိုက်အခံတွေလိုပဲ အရင်ကအုပ်ချုပ်ရေးစနစ်အားနည်းချက်ကြောင့် လူထုတွေဒုက္ခရောက်တဲ့အပေါ်မှာ မခံချင်စိတ်၊ အပြောင်းအလဲကို ဖြစ်ချင်တဲ့စိတ်နဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါလာတယ်လို့ ဒေါက်တာမျိုးညွှန့် ကပြောပါတယ်။

စစ်အစိုးရခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဦးဝင်းမြင့်ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ ခံခဲ့ရပြီး ထောင်ဒဏ်လည်းကျခဲ့ဖူးပါတယ်။ သူဟာ အဂတိလိုက်စားမှုကို အပြင်းအထန်ကန့်ကွက်သူ တယောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က သူ့သမီးရဲ့မင်္ဂလာဆောင်ပွဲဖိတ်စာတွေမှာ လက်ဖွဲ့ခြင်းသည်းခံပါလို့ ရေးသားဖေါ်ပြခဲ့ပါတယ်။