၂၁ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးဖိတ်ရင် FPNCC တက်မယ်

Image caption မတ် ၂၆ရက်ကနေ ၂၈ ရက်နေ့အထိ ပန်ခမ်းမြို့မှာ အဖွဲ့ဝင်၇ ဖွဲ့တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို အစိုးရက တရားဝင် ဖိတ်ကြားရင် အဖွဲ့ဝင် အားလုံး စုံစုံညီညီ တက်ရောက်မယ်လို့ မြောက်ပိုင်းအဖွဲ့လို့ အသိများတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)က ထုတ်ပြန် ပါတယ်။

မတ် ၂၆ရက်ကနေ ၂၈ ရက်နေ့အထိ ပန်ခမ်းမြို့မှာ အဖွဲ့ဝင်၇ ဖွဲ့တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

အစည်းအဝေး တက်ရောက်တဲ့ အခါ လုံခြုံရေး အာမခံချက်ရှိဖို့ တရုတ်နိုင်ငံက ဆက်လက် ကူညီထောက်ပံ့ဖို့လည်း FPNCC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်ရဲ့ အပြုသဘောဆောင်တဲ့ ပါဝင်မှုက ပိုမို အရေးပါပြီး ကင်းကွာလို့ မရဘူးလို့ ယူဆတယ် လို့လည်း ဆိုပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရ ဦးဖုန်းဝင်းနိုင်ကတော့ တရုတ်ဟာ အာရှမှာ အင်အားရှိတဲ့ နိုင်ငံဖြစ်သလို တိုင်းရင်းသားအဖွဲ့တွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ တိုက်တွန်းထားတာကြောင့် တရုတ်ကို အားကိုးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကချင်၊ တအန်း၊ ကိုးကန့်၊ ရခိုင်ဒေသတွေမှာ တပ်မတော်က လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း FPNCCက ရှုတ်ချထားပါတယ်။

အရွေးချယ်ခံရတဲ့ သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုလိုက်ပြီး သမ္မတရဲ့ ဦးဆောင်မှုနဲ့ မြန်မာ့ ငြိမ်းချမ်းရေးကို အဆောတလျင် အကောင် ထည်ဖော်ဖို့ မျှော်လင့်တယ် လို့လည်း FPNCCက ထုတ်ပြန်ပါတယ်။

FPNCC အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့တွေထဲမှာ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရား မျှတသော အမျိုးသားပါတီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီတို့က ကိုယ်စားလှယ် ၂၇ ဦးတက်ရောက်တယ်လို့ ဆိုပါတယ်။