သမ္မတသစ်အပေါ် ကေအိုင်အိုနဲ့ ကေအန်ယူ ဘယ်လို မြင်သလဲ

ဓာတ်ပုံ မူပိုင် BBC/Saw Yan Naing
Image caption ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ စစ်သည်တွေ

သမ္မတအသစ် ဦးဝင်းမြင့်ဟာ ဥပဒေကြောင်းနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသားဆန့်ကျင့်လေ့ရှိပြီး ငြိမ်းချမ်းရေး တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ တဘက်သတ်ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ တိုင်းရင်းသားတွေရဲ့ ပကတိအခြေအနေ ကွဲလွဲမှုရှိနေရင် နိုင်ငံရေးအရ ဦးဆောင်ကာ ဆွဲခေါ်သွားလိမ့်မယ်လို့ မျှော်လင့်ရကြောင်းကေအိုင်အိုရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါရ်းက ပြောပါတယ်။

သမ္မတ နှစ်ဆက်အကြား ယှဉ်ကြည့်ရင်တော့ ဦးဝင်းမြင့်အပေါ် မျှော်လင့်ချက် နည်းနည်း ပိုထားရှိနိုင်မလားလို့ မျှော်လင့်မိကြောင်း ကေအိုင်အိုရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ ပြောခွင့်ရ ဦးဒေါင်ခါးရ်က ပြောပါတယ်။

သမ္မတသစ်ရဲ့ အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ကို လွှမ်းမိုးနိုင်မှပဲ တရားဥပဒေစိုးမိုးရေး ၊ ပြန်လည်သင့်မြတ်ရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်နိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်းအားတခုထဲနဲ့ တပ်မတော်ကို လွှမ်းမိုးနိုင်မှာ မဟုတ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ အဖြေရှာနိုင်အောင် လမ်းကြောင်းရှာမယ်လို့ ယူဆကြောင်း ကေအိုင်အို နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး ဖြစ်သူက ဆိုပါတယ်။

ဦးဝင်းမြင့်မတိုင်ခင် သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထင်ကျော်ဟာ သူတာဝန်ထမ်းဆောင်နေတုန်း ငြိမ်းချမ်းရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်တာ မရှိခဲ့တဲ့အတွက် ဦးဝင်းမြင့်လက်ထက်မှာ ဒီအခြေအနေကို အပြောင်းအလဲလုပ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေမှာ ဦးဆောင်ဖို့ လိုလားတယ်လို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌ (၂) ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုတာမျိုး ဖြစ်စေချင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ တာဝန်တွေကို သမ္မတက ခွဲဝေထမ်းဆောင်စေချင်တယ်လို့လည်း ဖဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

တိုင်းပြည်အတွက် အမိန့်ပေးဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ဒေါ်အောင်ဆန်းစုကြည်က ခွဲဝေပေးဖို့လိုကြောင်း မြင်ကြောင်းလည်း စောကွယ်ထူးဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC/Saw Yan Naing
Image caption ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး စစ်သည်တွေ

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဆိုတာ အမြင့်ဆုံးတာဝန်ပေးထားခြင်းခံရသူဖြစ်တဲ့အတွက် အပစ်ရပ်စဲရေး စာချုပ်တွေဟာ အရင်သမ္မတက လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တာဖြစ်လို့ လက်ရှိသမ္မတက တာဝန်ခံရမဲ့ ကိစ္စဖြစ်တယ်လို့ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

တာဝန်ယူ တာဝန်ခံမှုရှိရှိအကောင်ထည်ဖော်ဆောင်ရွက်မယ်ဆိုရင်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လုပ်လို့ရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ