မိုးကုတ်နှစ် ၈၀၀ ပြည့် ဖွင့်ပွဲ လူမျိုးပေါင်းစုံဆင်နွှဲ

ဓာတ်ပုံ မူပိုင် U Min Thu Facebook
Image caption မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်ပွဲကို မတ်လ ၂၉ ကနေ ၃၁ ရက်အထိ ကျင်းပမယ်

ပတ္တမြားမြေလို့ တင်စား ခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့ တည်ထောင်တဲ့ နှစ်ပေါင်း ၈၀၀ ပြည့် အခမ်း အနားကို မတ်လ ၂၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့တဲ့ အခမ်း အနားမတိုင်ခင် ကတည်းက အကြို အခမ်းအနား တွေကို စည်စည် ကားကား ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် မိုးကုတ်နှစ် ၈၀၀ ပြည့် အခမ်း အနားစတင် ဖွင့်လှစ်တဲ့ နေ့မှာပဲ တိုင်းရင်းသားပေါင်းစုံ လူမျိုး ပေါင်းစုံ ပါဝင်တဲ့ ဝင်းခင်း လှည့်လည်ပွဲကို မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မိုးကုတ်မှာ အဓိက နေထိုင်တဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ လီဆူး၊ ပလောင်၊ ဓနု၊ အင်းသား စတဲ့ တိုင်းရင်းသားတွေ က သူတို့ရဲ့လှပတောက်ပြောင်တဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပါဝင် လှည့်လည် ခဲ့ကြပါတယ်။

ဒါ့အပြင် မိုးကုတ် ဒေသခံ ပြည်သူတွေ ဖြစ်တဲ့ ကသည်း၊ ပန်ချာပီတွေ၊ ဂေါ်ရခါးတွေ၊ ပန်းသေး မွတ်ဆလင်တွေလည်း မိုးကုတ်နှစ် ၈၀၀ ပြည့် အခမ်း အနားမှာ ကဏ္ဍ အသီးသီးကနေ ပါဝင် ဆင်နွှဲ ခဲ့ကြတယ်လို့ မိုးကုတ်မြို့သား နေပြည်တော် ကောင်စီ စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ဘီဘီစီကို ပြောပါတယ်။

မိုးကုတ်မှာ ရာစုနှစ်တွေနဲ့ချီ ရှိခဲ့တဲ့ ဒေသခံတွေရဲ့ တနိုင်တပိုင် ကျောက်တူးလုပ်ငန်းဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ အကြီးအကျယ် ပြောင်းလဲ သွားခဲ့ပါတယ်။

အရင် စစ်အစိုးရ လက်ထက်က ဒေသခံတွေရဲ့ ပုဂ္ဂလိက ကျောက်မျက် ရတနာ တူးဖော်မှုကို တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်ခဲ့ပြီး အာဏာရှိသူတွေ၊ အာဏာရှိသူတွေနဲ့ နီးစပ်သူတွေ ကိုသာ နေရာကောင်းတဲ့ လုပ်ကွက်တွေ ပေးပြီး ဒေသခံတွေကို ကျောက်ထွက် မကောင်းတဲ့ နေရာတွေမှာသာ လုပ်ပိုင်ခွင့်ပေးခဲ့တာတွေကြောင့် မျှတမှု မရှိခဲ့ဘူးလို့ ဦးမင်းသူက ပြောပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို အလေးမထားတဲ့ ကျောက်တူးဖော်မှုတွေကြောင့် မူလက သာယာလှပတဲ့ မိုးကုတ်မြို့ဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခဲ့ရသလို လူမှုရေးပိုင်းမှာ ထိခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။