ဒုက္ခသည် ၅၀၀၀ပါ ဒုတိယသုတ်စာရင်း ဘင်္ဂလားဒေ့ရှ် ထပ်ပို့

ဓာတ်ပုံ မူပိုင် Getty Images
Image caption Balukaliဒုက္ခသည်စခန်း တနေရာ မြင်ကွင်း

ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်ခေါ်ရေး အတွက် မြန်မာ အစိုးရက ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ UNHCR ကို ပူးပေါင်း ပါ၀င်ခွင့်ပြုလိုက်ပြီ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ASRA အစွန်းရောက်တွေ ကနေ မြန်မာ လုံခြုံရေး စခန်းတွေကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် တပ်မတော် ကနေ တန်ပြန် စစ်ဆင်မှုတွေ လုပ်ရာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေ အောက်မှာ သိန်းနဲ့ ချီတဲ့ မွတ်ဆလင် ဒုက္ခသည် တွေဟာ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွေးပြေး သွားကြတာကြောင့် အဲဒီ ဒုက္ခသည်တွေကို ပြန်လည် ခေါ်ယူဖို့ အတွက် ၂ နိုင်ငံ ဆွေးနွေး မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပြီးနောက် နောက်ဆုံးမှာ သဘောတူညီမှု ရရှိကာ ဒုက္ခသည် ပြန်လက်ခံရေး ၂ နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီလိုပြန်ပို့ရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ အပါအဝင် တခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက သူတို့ ပူးပေါင်းပါဝင်ရေး တောင်းဆိုခဲ့ပေမယ့် မြန်မာ ဘက်က လက်မခံခဲ့ကြောင်း ၊ အခုတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကို ဒုက္ခသည် ပြန်ပို့ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ မြန်မာ ဘက်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း ၊ UNHCR အကြီးအကဲက အတည်ပြု ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အငယ်တန်းဝန်ကြီး တဉီး ဖြစ်တဲ့ Shahriar Alam က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ UNHCR ပူးပေါင်းပါဝင်တာ ဒါမှမဟုတ် ကုလသမဂ္ဂ တခုတည်းက ဆောင်ရွက်ဖို့ကို အလိုရှိခဲ့တာဖြစ် ပေမယ့် မြန်မာ အစိုးရနဲ့ သဘောတူညီမှု မရခဲ့ကြောင်း ၊ နောက်ဆုံးမှာ တော့ မြန်မာ ဘက်က သဘောတူလိုက်ပြီ ဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ တွေ့ရာမှာ UNHCR အကြီး အကဲက အတည်ပြုကြောင်းနဲ့ မြန်မာ အစိုးရဟာ UNHCR ကို ကမ်းလှမ်းလာတဲ့ အတွက် ကုလသမဂ္ဂ က နေရာပြန်လည်ချထားရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်မှာ ဖြစ်ကြောင်း ၊ ဒါဟာ အင်မတန်မှာ မျှော်လင့်ချက်ရှိတဲ့ သတင်းကောင်းပါလို့ မစ္စတာ အလန်မ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတော့ ဘင်္ဂလားဒေ့ ဘက်ကနေ ပြန်ပို့မယ့် ဒုက္ခသည်ပေါင်း ၈ ထောင်ကျော် စာရင်း ကို ပထမဆုံး အကြိမ် မြန်မာဘက်ကို ပေးအပ်ခဲ့ပေမယ့် စာရင်းမှာ လိုအပ်ချက်တွေ ရှိတဲ့အတွက် စိစစ်မှုတွေ လုပ်ရာမှာ ရာဂဏန်းလောက်ပဲ စစ်ရသေးတယ်လို့ မြန်မာ လူ၀င်မှု ကြီးကြပ်ရေး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ဒီတော့ ၂ နိုင်ငံ သဘောတူထားတဲ့ အတိုင်း ဒုက္ခသည်တွေ ဖြည့်ရမယ့် ပုံစံတွေကို နမူနာယူ မဆောင်ရွက်ခဲ့တဲ့ အတွက် ကြန့်ကြာမှုတွေ ခက်ခဲမှုတွေ ရှိနေတဲ့ ကြားက အခု ဘင်္ဂလားဒေ့ရှ် ဘက်က ဒုတိယ အကြိမ်မြောက် နောက်ထပ် စာရင်း ကို မြန်မာ အစိုးရဆီ ပေးပို့ခဲ့ပါတယ်။

ဒီတခါ စာရင်းမှာ လူ ငါးထောင်လောက် ပါမယ်လို့ သိရပြီး ပြန်ပို့မယ့် လူစာရင်းတွေကို မြန်မာဘက် ဆက်တိုက် ပို့သွားမယ် လို့လည်း ဘင်္ဂလားဒေ့ရှ် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Shariar Alam က ပြောပါတယ်။

ဒီကိစ္စက အလွန်ကို ရှုပ်ထွေးတဲ့ လုပ်ငန်းဖြစ်ပြီး အရင်တခါက်တုန်း ကတော့ ၈၀၀၀ ကျော် လူဉီးရေ စာရင်း ပေးလိုက်တာ၊ ရာဂဏန်းလောက်ပဲ မြန်မာ ဘက်ကလက်ခံကြောင်း ၊ အခုတော့ ဒုတိယ လူဉီးရေ စာရင်း ထပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်းတွေ လုပ်နေကြောင်း ၊ သူတို့ အနေနဲ့က ရိုဟင်ဂျာ တသန်းကျော် ကို မလိုချင်ကြောင်း ၊ အမြန်ပြန်ပို့ဖို့လည်း မဖြစ်စေချင်ကြောင်း ၊ ဘာလို့လဲ ဆိုတော့ တသိန်းကို ခပ်မြန်မြန် ပို့တယ်ဆိုရင် အဲဒီအထဲက ၂၀၀ လောက်ကို အတင်းအကျပ် လုပ်သလို ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ကျန်တဲ့ ၁၀ သိန်း အတွက် အကျိုးဆက် အားဖြင့် မလိုလား အပ်တာတွေ ဖြစ်စေနိုင်ပြီး ပြန်လည် ပို့တဲ့ လုပ်ငန်းစဉ် တခုလုံး ရပ်တန့်သွားလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး ကပြောသွားခဲ့ပါတယ်။

နောက်ပြီး ဒီ ပြန်ပို့တဲ့ လုပ်ငန်းစဉ်ဟာ ကြာရှည်မှာ ဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကတော့ နိုင်ငံတကာ အကူအညီနဲ့ ရှေ့တို့းလုပ်ဆောင်နေတယ်လို့ ပြောကြားသွားခဲ့ ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ