သမ္မတသစ် ဦးဝင်းမြင့် ကျမ်းကျိန်ပြီး တာဝန်စယူ

ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတသစ် ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မတ် ၃၀ ရက်က မြင်တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယမြောက် သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၃၀ ရက်နေ့က ကတိသစ္စာပြု ကျမ်းကျိန်ပြီး သမ္မတတာဝန် တရားဝင် လွှဲယူခဲ့ပါတယ်။

ဦးဝင်းမြင့်နဲ့ ဒုတိယသမ္မတတွေရဲ့ ကတိသစ္စာပြုပွဲကို မြန်မာ့နိုင်ငံရေးမှာ အရေးပါသူအားလုံးနီးပါး တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တရားစီရင်ရေးမဏ္ဍိုင်က ထိပ်တန်းခေါင်းဆောင်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ တက်ရောက်ကြသလို NLD ပါတီက နာယကကြီး သူရဦးတင်ဦးအပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်လာတာကို တွေ့ရပါတယ်။

ဒါပေမယ့် ကတိသစ္စာပြုပွဲကို နုတ်ထွက်သွားတဲ့ သမ္မတဟောင်း ဦးထင်ကျော် တက်ရောက်လာတာတော့ မတွေ့ရပါဘူး။

ကတိသစ္စာပြုပွဲမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတသစ် ဦးဝင်းမြင့်က သူ့ရဲ့သမ္မတ သက်တမ်းအတွင်း လုပ်ဆောင်မယ့် အရာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

အစိုးရရဲ့ ဦးစားပေးရည်မှန်းချက်များ

  • ၁။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတို့ရဲ့လူမှုဘဝစီးပွားတိုးတက်ရေး
  • ၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
  • ၃။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

မြန်မာနိုင်ငံဟာ အဘက်ဘက်က လိုအပ်ချက်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ကြုံတွေနေရတဲ့အပြင် နိုင်ငံတကာမျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေကို အစွမ်းကုန်ကြိုးစား ဖြေရှင်းမယ်လို့ သမ္မတသစ်က ပြောပါတယ်။

ဒုသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်

ဦးဝင်းမြင့် သမ္မတအဖြစ်ရွေးချယ်ခံရမှု တပ်ချုပ်ဝမ်းမြောက်

သမ္မတသစ်အပေါ် ကေအိုင်အိုနဲ့ ကေအန်ယူ ဘယ်လို မြင်သလဲ

Image caption နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတသစ် ဦးဝင်းမြင့်နဲ့ သမ္မတကတော်

ဥပဒေစိုးမိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး

သမ္မတသစ်ဦးဝင်းမြင့်က ယိမ်းယိုင်နေတဲ့ တရားဥပဒေစိုးမိုးရေးကို တည့်မတ်မယ်လို့ ပြောခဲ့သလို အဂတိလိုက်စားမှုကို ပိုတိုက်ဖျက်မယ်လို့ ပြောပါတယ်။

''ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်'' လို့လည်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

လယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေရဲ့ လူနေမှုဘဝနဲ့ အခွင့်အရေးတွေအတွက် လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

''ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မျက်ခြေပြတ်မခံဘဲ အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' လို့ ဦးဝင်းမြင့်က ကတိပေး ပြောကြားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ