NLD ပါတီ ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်မယ်

ဓာတ်ပုံ မူပိုင် NLD facebook
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘာပတိအဖွဲ့ဝင်တွေကို ထပ်မံ တိုးချဲ့တာ အပါအဝင် ပါတီ ခေါင်းဆောင် ဖွဲ့စည်းပုံ အရ နဂိုက မရှိတဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ နှစ်ခုကို ထည့်သွင်း ထားတာ တွေ့ရပါတယ်။

ဥက္ကဌ နေရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ယူထားပြီး ဒုတိယ ဥက္ကဋ္ဌ ၁ အဖြစ် ဦး၀င်းမြင့် ၊ ဒု ဥက္ကဋ္ဌ ၂ အဖြစ် ဒေါက်တာ ဇော်မြင့်မောင်တို့ကို အသီးသီး တာ၀န် ပေးအပ်လိုက်ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့က အစိုးရ တာ၀န်တွေ ရယူထားတာကြောင့် ပါတီမှာ လောလောဆယ် ဒေါက်တာ ဇော်မြင့်မောင်က ဦးဆောင်မယ်လို့ NLD က ပြောပါတယ်။

အထူးသဖြင့် ဒီ ဒုတိယ ဥက္ကဋ္ဌ နှစ်ယောက် နှစ်ယောက် သတ်မှတ်ခြင်းက ဒေါ်အောင်ဆန်းစုကြည် တာ၀န်ယူပြီး နောက်ပိုင်း တာ၀န်ယူမယ့်သူ ၊ တာဝန်ခံမယ့်သူ ကို ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြချင်လို့ အခုလို ဖော်ပြရတာ ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြီးရင် သူတို့နှစ်ယောက်ကို ဒုတိယလို့ သတ်မှတ်နိုင်ပေမယ့် ဒီ ဒုတိယ ဥက္ကဋ္ဌ နှစ်ယောက်ဟာ ပုံသေမဟုတ်ဘဲ လိုအပ်ရင် လိုအပ်သလို ပြောင်းလဲချက်ရှိနိုင်ကြောင်း ၊ ပါတီရဲ့ တာဝန်ခံမှု အဆက်ဆက် ကို ပြင်တာ ဖြစ်ကြောင်း ၊ ဗဟို အလုပ်မှုဆောင် အဖွဲ့ကို သူတို့က ခေါင်းဆောင်ရမှာ ဖြစ်ကြောင်း ၊ အစည်းအဝေး ကျင်းပတဲ့အခါ ပါတီ မူဝါဒ ချမှတ်တဲ့အခါမှာ ခေါင်းဆောင် နိုင်ခွင့် ပေးတာ ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က ရှင်းပြပါတယ်။

ဒီရာထူးတွေက ရာထား သတ်မှတ်ထားတာသာ ဖြစ်ပြီး တကယ်တမ်း လက်ရှိ ပါတီကို ဦးဆောင်မယ့်သူက ဒေါက်တာ ဇော်မြင့်မောင် သာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

သဘာပတိ တွေက ဂုဏ်ထူးဆောင်တွေသာ ဖြစ်ပြီး အခမ်းအနားကို ဦးစီးဖို့ ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၀င်တွေကြား သဘောထား ကွဲပြားမှု ရှိလာရင် ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ခန့်ထားတာလို့ သူက ပြောပါတယ်။

သူရ ဦးတင်ဦးက သဘာပတိ အဖွဲ့ နာယက အဖြစ် ဦးဆောင်မှာ ဖြစ်ပြီး ကျန်သဘာပတိ အဖွဲ့ဝင်ငါးယောက် ထဲမှာ ဦးလှဖေ ၊ ဦးဝင်းထိန် ၊ ဦးအုံးကြိုင် ၊ ဦးကျော်ခင် နဲ့ ဦးမန်းဂျော်နီ တို့ ပါဝင်ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း မျိုးဆက်သစ်တွေကို နေရာပေးဖို့ ရှိပြီး ခုလောလောဆယ်မှာ ဗဟို အလုပ်မှုဆောင် အဖွဲ့ရဲ့ လုပ်ဆောင်ချက် သဘောထားကို ဘာမှ ထင်မြင်ချက် ပေးတာ မရှိဘူးလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒါ့အပြင် ပါတီ ပြောရေးဆိုခွင့်ရှိသူတွေ အနေနဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ ကို ကိုယ်စားပြု သတင်းထုတ်ပြန် သွားမှာ ဖြစ်တယ်လို့ ဒေါက်တာ မျိုးညွန့် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ