လက်ပံတောင်း ရုန်းရင်းဆန်ခတ်တွင် ဦးဆောင်သူ ၃ ဦးကို အရေးယူ

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေသခံတောင်သူတွေ စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒဖော်ထုတ်ခဲ့စဉ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းက ဝက်မှေးရွာမှာ မတ် ၂၉ ရက်နေ့က ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ ရုန်းရင်းဆန်ခတ် ဖြစ်ရာမှာ ဦးဆောင်သူ ၃ ဦးကို ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

မတ် ၃၁ ရက်မှာ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဝက်မှေးရွာထဲမှာရှိတဲ့ ရွှေ့ပြောင်းလိုသူတွေတချို့ရဲ့ နေအိမ်တွေကို ကုမ္ပဏီက စီစဉ်ပေးတဲ့ နေရာကို ရွှေ့ဖို့ ကုမ္ပဏီကားတွေနဲ့ ရဲတပ်ဖွဲ့တွေ ရွာထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရာမှာ မပြောင်းရွှေ့လိုတဲ့ ရွာခံတွေနဲ့ ချင်းများခဲ့တာ ဖြစ်ပါတယ်။

ဒီလိုရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အချိန်မှာ ရဲမေတယောက် ခြေထောက် ဒဏ်ရာရ ခဲ့တဲ့အတွက် မဖြစ်မနေ အရေးယူရတယ်လို့ စစ်ကိုင်းတိုင်း အစိုးရက သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီးလေးစိုးက မသွဲ့သွဲ့ဝင်း ဦးဆောင်တဲ့ အဖွဲ့တွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မော်တော်ယာဉ်တွေကို တုတ်၊ ဓား၊ လေးဂွတွေ ကိုင်ဆောင်ပြီးတော့ နှောင့်ယှက် ဟန့်တားတယ်လို့ ပြောပါတယ်။

ဒေသခံတွေလက်ချက်နဲ့ ရဲမေတယောက် ဒဏ်ရာရလို့ ဖြစ်စဉ်မှာပါတဲ့ မသွဲ့သွဲ့ဝင်းနဲ့ မစန်းစန်းလှကို ဖမ်းဆီးထားပြီး မဖြူဖြူဝင်းကိုလည်း ဖမ်းဆီးရမိဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

ဝက်မှေးရွာမှာ ရှိတဲ့ မဖြူဖြူဝင်းကတော့ မေးကြည့်တော့ ရဲကားတွေရွာထဲမဝင်ဖို့ သဘောတူထားတာကို ချိုးဖောက်လို့ ခုလိုဖြစ်ရတာလို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ မသွဲ့သွဲ့ဝင်း၊ မစန်းစန်းလှတို့ကတော့ ကျန်းမာရေး အခြေအနေအရ အချုပ်နဲ့ ဆားလင်းကြီး ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ် လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီရှင်းလင်းပွဲကို တက်လာတဲ့ ဒေသခံတချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြဿနာကို အကြီးအကျယ် မဖြစ်စေလိုဘဲ ညှိနှိုင်း စေချင်တယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်မှာ အမိန့်ပေးစီစဉ်တဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရောဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်ကတော့ အတင်းအဓမ္မ ပြောင်းရွှေ့ ခိုင်းတာ မဟုတ်တာကြောင့် ရွာသားတွေအနေနဲ့ ဥပဒေကို ချိုးဖောက်လောက်အောင်ထိ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

မသွဲ့သွဲ့ဝင်းနဲ့ ၃ယောက်ကို အရေးယူမယ့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ပြည်သူ့ ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု ပုဒ်မက အာမခံမရနိုင်သလို ပြစ်မှု မြောက်ရင် ထောင်ဒဏ် ၁၀နှစ် ထိကျခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒီရှင်းလင်းပွဲမှာပါတဲ့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်ကတော့ သူတို့အနေနဲ့ လက်ပံတောင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းပေးပေမယ့် ရာနှုန်းပြည့် ပြေလည်ဖို့ ကတော့ အခက်ခဲရှိနိုင်လို့ ပြောပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းဟာ တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီတို့ ၂၀၁၀ ခုနှစ်က စခဲ့ပြီး ဖက်စပ်လုပ်ကိုင်ခဲ့တာ လယ်သိမ်းခံတောင်သူတွေနဲ့ မပြေလည်မှု ဖြစ်လို့ ဆန္ဒပြနေတာလည်း အဲဒီကတည်းက ဖြစ်ခဲ့ပါတယ်။

တချို့ တောင်သူတွေကတော့ မြေယာလျော်ကြေးယူသွားကြပြီး ကုမ္ပဏီက စီစဉ်ပေးတဲ့ နေရာတွေမှာ နေထိုင်နေကြပေမယ့် ဝက်မှေးနဲ့ ဆည်တည်းရွာက တောင်သူ တချို့ကတော့ မြေယာ လျော်ကြေး မယူသေးသလို နေအိမ်တွေလည်း မရွှေ့ပေးသေးတာကြောင့် ကုမ္ပဏီနဲ့ မကြာခဏ ပြဿနာတက်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ