တိုင်းအစိုးရက ဦးစီးလုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်း

ဓာတ်ပုံ မူပိုင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဖေ့ဘုတ်ခ်
Image caption ဝန်ကြီး ဒေါ်နီလာကျော်

ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ကိုင်ဖို့ ပြင်ဆင်ထားခဲ့တဲ့ ရန်ကုန်မြစ် အနောက်ဘက်ကမ်းက ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိအစိုးရက ဦးစီးပြီး လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်း စတင်ဖို့အတွက် ရန်ကုန်မြို့သစ် ဖွံဖြိုးရေး ကုမ္ပဏီ လီမိတက် ( New Yangon Development Company LTD ) ကို ရန်ကုန်တိုင်း ၀န်ကြီး ၂ ဦး အပါအ၀င် စီးပွားရေး လုပ်ငန်းရှင် ၁ ဦးနဲ့ တတ်သိပညာရှင် ၂ ဦးတို့နဲ့ မတ်လ ၃၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

NYDC ကုမ္ပဏီကို ရန်ကုန်တိုင်း အစိုးရက ရာနှုန်းပြည့် လုပ်ကိုင်သွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ လွှတ်တော်ကနေ အတည်ပြုထားတဲ့ မြေဧရိယာနဲ့ တည်နေရာမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ NYDC ကုမ္ပဏီရဲ့ ဥက္ကဌလည်းဖြစ် ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

စီမံကိန်း ပထမအဆင့်အနေနဲ့ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ လောက် သုံးစွဲဖို့ ရှိပြီး လာမယ့် ၂၀၂၀ မှာ ပြီးစီးအောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

မြို့သစ် စီမံကိန်းကို အဆင့် ၅ ဆင့်နဲ့ ဆောင်ရွက်သွားဖို့ ရှိသလို ရင်းနှီးမြုပ်နှံလိုသူတွေကိုလည်း တင်ဒါခေါ်ယူသွားမယ်လို့ NYDC ရဲ့ ဒုဥက္ကဌ ဦးသိမ်းဝေက ပြောပါတယ်။

မကြာမှီမှာ စတင်မယ့် ဒီစီမံကိန်းကနေ အလုပ်အကိုင်အခွင့်အရေး ၂ သန်းလောက်ကို ပေါ်ထွက်လာဖို့ ရှိသလို စီမံကိန်း ဧရိယာက စင်္ကာပူနိုင်ငံထက် ၂ ဆလောက် ကျယ်၀န်းမယ်လို့လည်း တိုင်းအစိုးရက ပြောပါတယ်။

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် မြေဧက ၂ သောင်းပေါ်မှာ ပထမအဆင့်အနေနဲ့ ရွာမြို့ ၅ ခု၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မ လမ်းကြောင်း၊ ၁၀ စတုရန်း ကီလိုမီတာရှိတဲ့ စက်မှုဇုန်၊ လျှပ်စစ် ဓာတ်အားပေး ထုတ်လုပ်မှု စက်ရုံ တို့အပြင် ရေသန့်နဲ့ ရေဆိုးထုတ် စက်ရုံတွေကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြစ်အနောက်ဘက်ကမ်းမှာ တည်ဆောက်မယ့် ဒီစီမံကိန်းကို တိုင်းအစိုးရ ဘတ်ဂျက်ထဲက ငွေကျပ် ၁၀ ဘီလီယံနဲ့ စတင်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ