စစ်ရေးတင်းမာမှု ရှိပေမဲ့ ဂျေအမ်စီ ဖလား ဘောလုံးပွဲ ကရင်မှာ ကျင်းပ

ဓာတ်ပုံ မူပိုင် JMC- Facebook
Image caption ဂျေအမ်စီဘောလုံးပွဲဖွင့်ပွဲမြင်ကွင်း

ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ (၅) နယ်မြေ ဖားပွန်ခရိုင်အတွင်းမှာ တပ်မတော်နဲ့ တပ်မဟာ ၅ တပ်တွေအကြား စစ်ရေးတင်းမာမှု အချို့ရှိနေပေမဲ့ ကရင်ပြည်နယ် မြို့တော်ဘားအံမှာတော့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ [JMC-S (ကရင်)] ကနေ ဦးဆောင်ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲကို ကျင်းပနေပါတယ်။

မတ်လ ၂၈ ရက်နေ့က ပြုလုပ်တဲ့ ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို အစိုးရ ၊ စစ်တပ်အရာရှိတွေနဲ့အတူ ကေအန်ယူ ဥက္ကဌ စောမူတူစေးဖိုး တက်ရောက်နေပုံကို JMC ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖားပွန်ဒေသ စစ်ရေးတင်းမာမှုနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဂျေအမ်စီအစည်းအဝေးတရပ်ကို ခေါ်ယူပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ ကေအန်ယူ တပ်မဟာ (၅) ရဲ့ တပ်မဟာမှူးမလာရောက်နိုင်တာကို စစ်တပ်ဘက်က အကြောင်းပြပြီး ကျောက်ကြီးမြို့မှာ ပြုလုပ်မဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

ဖားပွန်ဒေသအတွင်းမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဖြစ်ခဲ့တဲ့ တပ်မဟာ ၅ နဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JMC-Facebook
Image caption ဂျေအမ်စီဘောလုံးပွဲ ဖွင့်ပွဲမှာတွေ့ရတဲ့ ကေအန်ယူ ဥက္ကဌ
ဓာတ်ပုံ မူပိုင် JMC-Facebook
Image caption ဘောလုံးပွဲမှာ အသင်း ၁၂ သင်းပါဝင်

ပဲခူးတိုင်း ပဲခူးမြို့မှာတော့ ပဲခူးတိုင်းဒေသကြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ကေအန်ယူ တပ်မဟာ ၃ က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ (၂) ၊ တပ်မဟာ (၅) တို့အကြား နားလည်မှုလွဲနေတဲ့ ကိစ္စရှိနေတယ်လို့ ဂျေအမ်စီ S ရဲ့ ပဲခူးတိုင်း ဥက္ကဌဖြစ်သူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပြောကြားတယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ကေအန်ယူတပ်မဟာ ၅ နဲ့ ဆွေးနွေးမှုအစီအစဉ်ကို အပြီးဖျက်လိုက်တာမဟုတ်သလို တပ်မဟာ ၅ ကို ရန်သူအဖြစ် သဘောမထားဘူးလို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောခဲ့တယ်လို့ ဂျေအမ်စီက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနစ် ဇူလိုင်လကလည်း ပဲခူးတိုင်း ဂျေအမ်စီမှာ ပါဝင်နေတဲ့ ကေအန်ယူ တပ်မဟာ ၂ ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး စောဒဲဖိုးဟာ ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။

သူ့ရဲ့နုတ်ထွက်စာထဲမှာ JMC ကော်မတီဟာ ပူးတွဲဖွဲ့ထားပေမဲ့ နှစ်ဘက်တပ်အကြား တစုံတရာ ပြဿနာရှိလာပြီဆိုရင် ဂျေအမ်စီအနေနဲ့ ဖြေရှင်းခွင့်မရဘဲ အစိုးရစစ်တပ်ကသာ တဘက်သတ်ဆုံးဖြတ်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အစိုးရ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးတွဲပါဝင်တဲ့ ဂျေအမ်စီဟာ အန်စီအေ အပစ်ရပ်စာချုပ်အရ ဖွဲ့စည်းထားတဲ့ ကော်မတီဖြစ်ပြီး အဆင့်အလိုက် ကော်မတီအားလုံးမှာ အစိုးရ စစ်တပ်က ဥက္ကဌ အဖြစ် တာဝန်ယူနေတာပါ။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ တပ်မတော်ဟာ သူဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဂျေအမ်စီ ကော်မတီတွေကို အသုံးချပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးမှုတွေ ရှိနေတယ်လို့ ၂၀၁၇ ခုနစ်တုန်းက ဝေဖန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ