ကြိုးတံတား ကြိုးပြတ်ကျပြီးနောက် ဒေသခံသွားလာရေး အခက်အခဲဖြစ်

ဓာတ်ပုံ မူပိုင် Myanmar fire service Department
Image caption ကြိုးပြတ်ကျသွားပြီးနောက် မြောင်းမြကြိုးတံတားကိုတွေ့ရစဉ်

ဧပြီ ၁ ရက် မနက် အစောပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင်း မြစ်ကူးကြိုးတံတား ကြိုးပြတ်ကျမှု ဖြစ်ပွားခဲ့လို့ ကုန်တင်ယာဉ်တစ်စီးနဲ့ ယာဉ်ပေါ်ရှိလူနှစ်ဦးပါ တံတားနဲ့အတူ မြစ်ထဲကျ သွားခဲ့ပါတယ်။

ပြည်တွင်းသတင်းဌာန တချို့ကတော့ ကုန်တင်ယာဉ်နဲ့ အတူ ပါသွားတဲ့ အထဲက တဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးသမားတွေက ဧပြီလ ၁ ရက် မနက် ငါးနာရီနောက်ပိုင်းမှာ ဆယ်ယူ ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပြတ်ကျသွားတဲ့ မြောင်းမြကြိုးတံတားက သက်တမ်းကြာမြင့်ပြီး ခံနိုင်ရည်ဝန်အား ကျဆင်းပြီး အန္တရာယ်ရှိနေလို့ တလမ်းမောင်းစနစ်နဲ့ ယာဉ်တစ်စီးကို ခွင့်ပြုတန်ချိန်ကို ၆ဝ မှ တန်၂ဝ အထိ လျှော့ချသယ်ယူ ဖြတ်သန်းနေရတယ်လို့ မြောင်းမြမြို့ခံတွေက ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသမှာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး အရေးပေါ်အခြေအနေ ကြောင့် ကယ်ဆယ်ရေးယာဉ်တန်းတွေက တံတားခံနိုင်ဝန်ထက် ပိုမိုဖြတ်သန်းခဲ့တာကြောင့် ခံနိုင်ရည်ဝန်အား ကျဆင်းယိုယွင်းနေလို့ တံတားသစ်တစ်စင်းကို စတင်ဆောက်လုပ်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ကြိုးတံတား ပြတ်ကျမှုမဖြစ်ခင် မတ်လ ၁၂ ရက်က တံတားကြမ်းခင်း ပြုပြင်မှုလုပ်လို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့တယ်လို့ မြောင်းမြမြို့ခံတွေက ပြောဆိုပါတယ်။

တံတားဟာ နှစ် ၂၀ ပဲ ခံနိုင်ရည်ရှိတာဖြစ်ပြီး သက်တမ်းဟာ နှစ် ၂၀ ကျော်နေပြီဖြစ်ကာ

ကြိုးတံတားကို တွဲဆွဲထားတဲ့ သံမဏိကြိုးတွေ ကြံခိုင်မှုနဲ့ ပတ်သတ်ပြီး စစ်ဆေးမှု ရှိမရှိအပေါ်လည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့

သိရှိရခြင်း မရှိဘူးလို့ မြောင်းမြမြို့နယ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောပါတယ်။

တံတားအသစ်ကလည်း မနီးမဝေးမှာ တည်ဆောက်နေချိန်မှာ အခုလို ကြိုးတံတား ကြိုးပြတ်ကျမှု ဖြစ်ပွားခဲ့တာလို့လည်း ဒေါ်ခိုင်ဇင်ဦးက ဘီဘီစီကို ပြောပါတယ်။

မြစ်ကူးကြိုးပြတ်ကျမှု ဖြစ်ပွားရာမှာ ပါသွားခဲ့တဲ့ ကုန်တင်ယာဉ်တစ်စီးနဲ့ ယာဉ်ပေါ်ရှိလူနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်နေပေမယ့် သံမဏိကြိုးတွေ တံတားခင်းတွေနဲ့အတူ နစ်မြှပ်သွားတာဖြစ်လို့ လက်ရှိအချိန်ထိ မရှာတွေ့သေးဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြစ်ကူးကြိုးတံတားကို ၁၉၉၆ ခုနှစ်က ဖွင့်လှစ်အသုံးပြုခဲ့ပြီး စစ်အစိုးရလက်ထက် မြန်မာနိုင်ငံအတွင်း ပထမဆုံးဆောက်လုပ်ခဲ့တဲ့ ကြိုးတံတားလည်း ဖြစ်တယ်လို့ မြောင်းမြမြို့ခံတွေက ပြောပါတယ်။

ဒီကြိုးတံတားက မြောင်းမြမြို့သာမက လပွတ္တာမြို့ ကုန်သွယ်ရေးကိုပါ ထိခိုက်စေတယ်လိ့ု မြောင်းမြမြို့ခံ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးအေးသိန်းက ပြောပါတယ်။

လတ်တလောမှာတော့ တစ်ဖက်ကမ်းကို အပြန်အလှန်သွားလာဖို့ ကူးတို့လှေသမ္ဗာန်တွေ သင်္ဘောငယ်တွေနဲ့ ကူးသန်းသွားလာနေရပြီး ဒီညနေပိုင်းမှာတော့ ဇက်တွေနဲ့ အခမဲ့ ကူးသန်းသွားလာနိုင်ဖို့ မြောင်းမြစည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်ပေးနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ တံတားသစ် တည်ဆောက်နေမှုကလည်း ၁ နှစ်ကျော်ကြာမြင့်မှာဖြစ်လို့ ရေရှည်မှာ ဒေသအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့လည်း မြောင်းမြမြို့ခံတွေက ပြောဆိုကြပါတယ်။

ဆက်စပ် အကြောင်းအရာများ