အစိုးရ ၂ နှစ်ပြည့် စီးပွားရေး တိုးတက်ဖို့ NLD မူချမှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption NLD အစိုးရ အနေနဲ့ တက်လာကာစ အချိန်မှာ ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင် ခဲ့ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာခဲ့

ဧပြီလ ၁ ရက်နေ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD အနေနဲ့ အစိုးရ တာဝန်ကို စတင် ထမ်းဆောင်တဲ့ ၂ နှစ် တိတိ ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်။

တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့ ငြိမ်းချမ်း ရေး ရယူပြီး ဖက်ဒရယ် ဒီမိုကရေစီ ထူထောင် နိုင်ရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ကို ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပါတီ ပြောရေး ဆိုခွင့် ရှိသူ က ဆိုပါတယ်။

NLD အစိုးရ အနေနဲ့ တက်လာကာစ အချိန်မှာ ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင် ခဲ့ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာခဲ့ဘဲ လတ်တလောမှာ စီးပွားရေးအပိုင်းကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မျှော်လင့်သလောက် ဖြစ်မလာတာဟာ အချင်းချင်း ယုံကြည်မှု နည်းတဲ့အတွက်ကြောင့် ဖြစ်ပြီး စီးပွားရေး အပိုင်းမှာတော့ လက်ရှိသမ္မတသစ်က ဘဏ္ဍာရေး ကော်မရှင် အသစ်ဖွဲ့ပြီး တိုးတက်အောင် ဆက်လက် ဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပဋိပက္ခမှာ နိုင်ငံတကာက နားလည်မှု လွဲတဲ့အပေါ် ဆက်လက်ရှင်းပြပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့လည်း သူက ပြောခဲ့ပေမယ့် နိုင်ငံသား ဖြစ်မှု အပိုင်းကတော့ အပေးအယူ လုပ်လို့ မရတဲ့ အပိုင်းဖြစ်တယ်လို့လည်း ဦးမျိုးညွန့် ပြောပါတယ်။

NLD အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး နဲ့ နိုင်ငံ့ အရေး တွေကို ကြိုးစား ဆောင်ရွက် နေပေမယ့် အောင်မြင်အောင် မစွမ်း ဆောင် နိုင်ဘူး ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင် အရေး နဲ့ ပတ်သက်လို့ နိုင်ငံတကာ ရဲ့ ဖိအား ပေးမှုတွေ၊ အထင် အမြင် လွဲမှားမှု တွေနဲ့ ရင်ဆိုင် နေရပြီး ဒါကိုပြေ လည် နိုင်ဖို့ တပ်မတော် နဲ့ လက်တွဲ ဆောင်ရွက် သွားဖို့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှာ အစိုးရ သက်တမ်း ၂ နှစ်ပြည့် မြောက်တဲ့ နေ့ အဖြစ် နိုင်ငံပိုင် သတင်းဌာန တွေက နေပြီး ထုတ်လွှင့် တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်း ထဲမှာတော့ ပြည်တွင်း စုပေါင်း အင်အား ကို အလေးထားပြီး လက်ရှိ ရင်ဆိုင် နေရတဲ့ မြန်မာ နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ သံန္နိဋ္ဌာန် ချထားတယ်လို့ ပြောဆို ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတသစ်အပေါ် လူထုရဲ့ မျှော်လင့်ချက်