ရခိုင်မှာ တံတား ငါးစင်း တပြိုင်တည်းဖွင့်

Image caption ပုဏ္ဏားကျွန်း - ရသေ့တောင်- ဘူးသီးတောင်ကနေ မောင်တောထိ ကားနဲ့ သွားနိုင်ပြီ

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး နှစ်ပေါင်း ၇၀ အကြာမှ ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံးက မောင်တော အပါအဝင် ဒေသ အတွင်းက စီးပွားရေးနဲ့ လုံခြုံရေး အရ အဓိက မဟာဗျူဟာကျတဲ့ လမ်းတစ်ခု ပေါ်က တံတား ၅ စင်းကို အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ရာမှာ ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသား လွတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် အစိုးရ အရာရှိကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ရသေ့တောင်မြို့ပေါ်နဲ့ ကျေးရွာ ၂၆ ရွာကို အမျိုးသား မဟာဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အား ရရှိတဲ့ အခမ်းအနားတွေကိုလည်း တဆက်တည်း ကျင်းပ ခဲ့ကြပါတယ်။

ရသေ့တောင်မြို့နဲ့ ကျေးရွာ ၂၆ ရွာကို မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီး စတင်ရရှိတဲ့ အခမ်းအနား အပါအဝင် ရန်ကုန်- စစ်တွေ ပြည်ထောင်စု လမ်းမကြီးကနေ ရသေ့တောင် - ဘူးသီးတောင် ထိ သွားလာနိုင်တဲ့ ကားလမ်းပေါ်မှာ တည်ရှိတဲ့ တံတား ၅ စင်းတို့ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတံတားတွေကို ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်ကနေ မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောထိ ကားနဲ့ သွားလာနိုင်မှာ ဖြစ်ပါတယ်။

တံတားဖွင့်ပွဲ ၅ ခု ကို ရခိုင်ပြည်သူ သိန်းနဲ့ ချီတက်ရောက်ပြီး လူထုတွေက သောင်းသောင်းဖြဖြကြိုဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖွင့်လှစ်ခဲ့တဲ့ တံတားတွေကတော့ ပုဏ္ဏားကျွန်း - ရသေ့တောင်ကူး တံတား အခြေ တခု ၊ သောင်းဒရား တံတား ၊ ငါးစယ်ပေါ် တံတား ၊ ပိုင်းတင် တံတား ၊ ရွာဟောင်းတံတားတွေ ဖြစ်ကြပြီး အခုအခါ စစ်တွေ ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် အထိ တံတား ငါးစင်းကို တပြိုင်တည်း ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဒေသဖွံ့ဖြိုးရေး အတွဉ် လမ်းပန်း ဆက်သွယ်ရေး ကောင်းလာပြီ ဖြစ်သလို လျှပ်စစ်မီးလည်း ရလာတာကြောင့် မောင်တော ၊ ဘူးသီးတောင် ၊ စစ်တွေ အထိ သွားလာနိုင်ပြီ ဖြစ်သလို အရင်က ရေလမ်းကိုဘဲ အားကိုးနေရာက အခုတော့ ကုန်းလမ်းကပါ ကားနဲ့ သွားနိုင်ပြီမို့ လုံခြုံရေး ကောင်းသွားပြီလို့ ရသေ့တောင်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ဒီလို လျှပ်စစ်မီး၊ လမ်းတံတားတွေ ဖွင့်လှစ်နိုင်ခဲ့တဲ့ အပေါ် ရသေ့တောင်မြို့ ချောင်း၀ ရပ်ကွက်မှ ဒေါ်မခင်လှကလည်း အခုအခါ ရခိုင်သူ ရခိုင်သားတွေ အနေနဲ့ လျှပ်စစ်မီးရလို့ အိပ်မက်တွေ အကောင်အထည် ပေါ်လာသလို ခံစားရပြီး ကားလမ်းတွေ ပွင့်သွားလို့ ဝမ်းသာပေမယ့် အစိုးရ အနေနဲ့ ကတ္တရာလမ်း ခင်းပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဒီဒေသတွေဟာ ရေလမ်းတစ်ခုတည်းကို အားကိုးပြီး သွားလာခဲ့ကြရတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှု နောက်ကျခဲ့ရတဲ့ အတွက် ခုလို လျှပ်စစ်မီးနဲ့ ကားလမ်းတွေ ပွင့်လာတဲ့ အပေါ်မှာတော့ ဒေသခံ ပြည်သူတွေက ဝမ်းသာမှုနဲ့ အတူ အထူးနှစ်ထောင်းအား ရှိနေကြ ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ