ဈေးနှုန်းပုံသေ လက်တားတက္ကစီ အဖွဲ့တွေ ပေါ်ပေါက်လာ

ဓာတ်ပုံ မူပိုင် Yangon Police facebook
Image caption အငှားယာဉ်မောင်းတဦးပါဝင်ပတ်သက်တဲ့ မှုခင်းဆိုင်ရာ ဖမ်းဆီးမှုမှာတွေ့ရတဲ့ တက္ကစီ တစီး

ပြည်တွင်းမှာ လက်တားငှားရမ်းတဲ့ အငှားယာဉ် တက္ကစီ ဈေးကွက်ပျက်လုနီးပါးဖြစ်လာတဲ့အခုချိန်မှာ ဈေးဆစ်စရာ မလိုဘဲ သတ်မှတ်နှုန်းထားနဲ့ စီးနင်းနိုင်မဲ့ လက်တား တက္ကစီ အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ပွားခဲ့တဲ့ FDAဝန်ထမ်းအမျိုးသမီးငယ် တဦး အငှားယာဉ်စီးနင်းရာက အသတ်ခံရပြီး နောက်ပိုင်းမှာ လက်တားအငှားယာဉ်တွေကို စီးနင်းမှု မရှိသလောက်နည်းသွားပြီး အွန်လိုင်းကနေ ငှားရမ်းမှုက အတော်လေးများလာခဲ့တဲ့အခြေနေလည်းဖြစ်ပါတယ်။

ဒီအခြေနေအောက်မှာ လက်တားအငှားယာဉ်တွေကလည်းစုဖွဲ့ဆောင်ရွက်လာကြာတာဖြစ်ပါတယ်။

အစုအဖွဲ့အနေနဲ့ ဖွဲ့စည်းလိုက်တဲ့လက်တားတက်စီအဖွဲ့တွေထဲကမှ ကီလိုတက္ကစီအဖွဲ့လို့ အမည်ပေးထားတဲ့ အဖွဲ့ရဲ့ ငှားရမ်းခ သတ်မှတ်တဲ့ ပုံစံက ယာဉ်ပေါ်စတက်တာနဲ့ ငွေကျပ် ၁၃၀၀ စတင်ကောက်မှာဖြစ်ပြီး စောင့်ဆိုင်းချိန် သွားတဲ့ခရီး အကွာအဝေးအလိုက် တစ်ကီလိုကို ကျပ် ၃၀၀နှုန်းနဲ့ကောက်ခံသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တက္ကစီလောကမှာ နာမည်ပျက်တွေများလာတော့ ခရီးသည်နဲ့ ကားသမားအကြားမှာ ယုံကြည်မှုတည်ဆောက်ချင်ပြီး ခရီးသည်ဈေးနှိမ်မှုတွေ ၊ ကားသမား ဈေးတင်တောင်းမှုတွေအတွက် ကြားကနေ သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်စေဖို့အတွက် ဒီလို အဖွဲ့ကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ကီလိုတက္ကစီ အဖွဲ့ကို ထူထောင်သူဖြစ်တဲ့ ဦးလင်းလင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ကီလိုတက်စီအဖွဲ့အနေနဲ့ ခရီးသည်တွေရဲ့လုံခြုံရေးအတွက် အဖွဲ့ဝင်ယာဉ်မောင်းတွေရဲ့ လိုင်စင်၊မှတ်ပုံတင် မိတ္တူအပါဝင် ကိုယ်ရေး အချက်အလက်တွေကို ရယူထားပြီး ခရီးသည်အနေနဲ့ ယာဉ်မောင်းရဲ့အချက် အလက်တွေကို ကားပေါ်တက်လိုက်တာနဲ့အလွယ်တကူမြင်နိုင်အောင် ဖုန်းနဲ့ပြထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မေ့ကျန်ပစ္စည်းတွေ ပြန်ရနိုင်ဖို့စီစဉ်ထားသလို ပြသနာတစုံတရာရှိလာရင်လည်း အဖွဲ့ရဲ့ Hot line ဖုန်းတွေကနေတဆင့် ဆက်သွယ် အကူညီတောင်းနိုင်မှာလည်းဖြစ်ပါတယ်။

ကောင်းသလို အားလည်းပေးပါတယ် စနစ်တကျဈေးနှုန်းလေးတွေလည်း ဖြစ်ဖို့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ ခရီးသည်အတွက် အန္တရယ်ကင်းဖို့အတွက် ကိုယ်ပေးလိုက်ဈေးနှုန်းထားက ခရီးသည်အတွက် ဘယ်လိုများပြန်ပြီး အကာကွယ်ပေးနိုင်မလဲဆိုတဲ့ ကိစ္စမျိုးတွေပါ ပါလာရင်ပိုကောင်းမယ်လို့ ထင်ကြောင်း ပုံမှန်အငှားယာဉ်စီးနင်းလေ့ရှိတဲ့ ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့ မလေးလေးနွယ်က ပြောပါတယ်။

လက်တားတက္ကစီအဖွဲ့တွေအနေနဲ့ လတ်တလောမှာ ကီလိုတက္ကစီ၊ SPT ကီလိုမီတာတက္ကစီဆိုပြီး အဖွဲ့တွေ ဖွဲ့ကာ ပုံသေနှုန်းထားနဲ့ ငှားရမ်းစီးနင်းနိုင်ဖို့ စတင်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

တစီးချင်း ပါးစပ်ဈေးနှုန်းနဲ့ မောင်းနှင်နေကြတာထက်စာရင် အခုလို သတ်မှတ်ဈေးနှုန်း၊ စည်းကမ်းနဲ့ အညီပြေးဆွဲမယ်ဆိုရင် လျော့ကြသွားတဲ့ခရီးသည်တွေရဲ့ ယုံကြည်မှုကိုပြန်ရပြီး ဈေးကွက်ပြန်ကောင်း လာမယ်လို့ လက်တားတက်စီအဖွဲ့တွေကတော့ မျှော်လင့်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ