ဆွေးနွေးပွဲ ပျက်တဲ့ ကိစ္စ KNU ထုတ်ပြန်

Image caption KNU တပ်မဟာ ၅ တပ်သားများ

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တို့ကြား စစ်ရေးတင်းမာမှု ကို ညှိနှိုင်းဖြေရှင်းဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်းခဲ့ရတာနဲ့ ပတ်သက်လို့ KNU ဘက်က ထုတ်ပြန်ပြောဆိုလိုက် ပါတယ်။

မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့က ကျောက်ကြီးမြို့မှာ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲကို တပ်မတော် ဘက်က ကိုယ်စားလှယ်က ရောက်မလာဘဲ အစည်းအဝေး ရွှေ့ဆိုင်း လိုက်ရပါတယ်။

ဆွေးနွေးမယ့် KNU ကိုယ်စားလှယ်တွေထဲမှာ တပ်မဟာ ၅ ခေါင်းဆောင် တစ်ယောက် မပါလို့ ရက်ရွှေ့ဆိုင်း ချင်တယ်လို့ တပ်မတော် ဘက်က ကေအန်ယူကို အကြောင်းကြား ခဲ့ပါတယ်။

KNU ကတော့ တပ်မဟာ ၇ ခုလုံးနဲ့ ပတ်သက်တဲ့ တပ်ပိုင်းဆိုင်ရာ တွေကို ဆွေးနွေးဖို့ MANT ဆိုတဲ့ စစ်ဘက်ရေးရာ ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့ထားတာဖြစ်ပြီး အဲဒီထဲမှာ တပ်မဟာ ၅ လည်း ကိုယ်စားပြု ပါဝင်တယ်လို့ ပြောပါတယ်။

လောလောဆယ် အောက်ခြေ အနေအထားက ထိန်းထိန်း သိမ်းသိမ်း ရှိနေကြပြီး အမြန်ဆုံး ပြန်တွေ့နိုင်အောင် ကြိုးစား နေတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

နောက်တခါထပ်မံ တွေ့ဆုံပြီး ညှိနှိုင်း အဖြေရှာသွားမယ်လို့လည်း သူက ပြောပါတယ်။