ကန်သံအမတ် ဦးဆောင်အဖွဲ့ ရခိုင်ရောက်နေ

ဓာတ်ပုံ မူပိုင် ANP facebook
Image caption အမေရိကန် သံအမတ်နဲ့ အဖွဲ့ ရခိုင်အမျိုးသား ပါတီ ရုံးကို လာရောက် တွေ့ဆုံစဉ်

စစ်တွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အမေရိကန် သံအမတ်ကြီး Scot Marciel အပါအဝင် လွတ်တော် ကိုယ်စားလှယ်တွေဟာ မနေ့ညနေက ရခိုင်ပြည်နယ်ကအင်အား အကြီးမားဆုံး ပါတီ တစ်ခု ဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

မနေ့ည ၅ နာရီခန့်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အပါအဝင် ဒီမိုကရက်တစ် လွှတ်တော် အမတ်တွေက ရခိုင်အမျိုးသား ပါတီတွေက ခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံပြီး ရခိုင်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

အဓိက ကတော့ သူတို့ စိတ်၀င်စားနေတဲ့ ဘင်္ဂါလီတွေ ကိစ္စနဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်ထဲ လက်ခံထားရေး ၊ လက်ခံတဲ့ အခါ မူလ သူတို့ နေထိုင်ရာ နေရာတွေမှာ ပြန်နေရာချထားရေး စတဲ့ သူတို့လိုချင်တဲ့ ကိစ္စတွေကို ရခိုင်အမျိုးသား ပါတီ အနေနဲ့ ဘယ်လို သဘောထား ရှိသလဲ ဆိုတာကို မေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ANP ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ IDP တွေ ပြန်ခေါ် နေရာချတဲ့ ကိစ္စမှာ ရခိုင် အမျိုးသား ပါတီမှာ လုပ်ပိုင်ခွင့် မရှိပေမယ့် နေရာချရာမှာ မူလနေရာမှာ ချထားတာ ရှိသလို အစိုးရက သတ်မှတ်ပေးတဲ့ နေရာမှာ နေရာချတာလဲ ရှိတယ် အတွက် ဒီနိုင်ငံမှာ နေမယ် ဆိုရင်တော့ အစိုးရက ချပေးတဲ့ နေရာမှာ နေမယ် ဆိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒ ရှိဖို့ လိုတယ်လို့ အသိပေးခဲ့ကြောင်း ဦးဘရှိန်က ဆိုပါတယ်။

မနေ့က တွေ့ဆုံပွဲကိုတော့ ရခိုင်အမျိုးသား ပါတီက ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့လည်း တက်ရောက်ခဲ့ပါတယ်။

မောင်တော ဒေသ ရခိုင်တိုင်းရင်းသားတွေ လက်ရှိ ရင်ဆိုင် ခံစားနေရတဲ့ အခြေအနေတွေကိုလည်း သူတို့ တင်ပြခဲ့ပြီး ကြောက်ရွံ့သူတွေက ဘင်္ဂါလီတွေ တင်မကဘဲ ရခိုင်တွေလည်း စိုးရိမ်မှု ရှိတာဘဲ ၊ ဒါတင်မက တခြား လူနည်းစု လူမျိုးစုတွေ ဖြစ်တဲ့ မြို ၊ သက်နဲ့ ဒိုင်းနက် စတဲ့ လူမျိုးတွေကလည်း ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသလို ရခိုင်တွေဆိုရင် မူလ ဒေသကနေ စွန့်ခွာပြီး စစ်တွေလို ၊ ဘူးသီးတောင်နဲ့ ပြည်မကို ထွက်ပြေး နေရသူတွေ အများကြီး ရှိကြောင်း ၊ ဘင်္ဂါလီ တွေချည်း ထွက်ပြေးနေရတာ မဟုတ်ဘဲ ရခိုင်တွေရဲ့ စိုးရိမ်မှုကို ဘယ်လို နှစ်သိမ့် နိုင်မလဲ ၊ ဘယ်လို အကူအညီ ပေးနိုင်မလဲ လို့ ပြန်မေးလိုက်တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်ဆိုပါတယ်။

အမေရိကန် သံအတ်မတ်ကြီးဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လာရောက်စုံစမ်းတာဖြစ်ပြီး ရခိုင်တွေနဲ့သာမက မူဆလင် အသိုင်းအဝိုင်းက လူကြီးတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ