FDA ဝန်ထမ်း သတ်ခံရမှု သုက်ပိုးမတွေ့ရလို့ ဆရာဝန်ထွက်ဆို

ဓာတ်ပုံ ရင်းမြစ်, Yangon Police
အသတ်ခံရသူ ငှားစီးခဲ့တဲ့ တက္ကစီ
FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဧပြီ ၂ ရက်က အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ပြုလုပ်တဲ့ ၆ ကြိမ်မြောက်ရုံးချိန်းမှာ သေဆုံးသူ FDA ဝန်ထမ်း အမျိုးသမီးရဲ့ ခန္ဓာကိုယ် အတွင်းမှာ အမျိုးသားသုက်ပိုး မတွေ့ရှိရဘူးလို့ မှုခင်းဆရာဝန်က လာရောက်ထွက်ဆိုပါတယ်။
ဧပြီလ ၂ ရက်နေ့ ရုံးချိန်းမှာ မြောက်ဥက္ကလာပဆေးရုံက မှုခင်းဆရာဝန်ကြီး ဦးထွန်းမင်းထွန်းက သက်သေ လာရောက် ထွက်ဆိုရာမှာ ဆေးစစ်ချက်တွေအရ မရွှေရည်ဝင်း သေဆုံးမှုဟာ အဓိက လည်ပင်းထိုးသွင်းဒဏ်ရာနဲ့ ညှစ်အားတွေကြောင့် ဖြစ်တယ်လို့ ထွက်ဆိုသွားကြောင်း တရားခံရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။
ဒါပေမယ့် မရွှေရည်ဝင်းရဲ့ အမျိုးသမီး အင်္ဂါ အတွင်းပိုင်းကို မှန်ပြားစစ်ဆေးမှု လုပ်ရာမှာ အင်္ဂါ အရှေ့ဘက်ရော ဝမ်းသွားတဲ့ လမ်းကြောင်းမှာပါ လတ်တလော ထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရပေမယ့် အမျိုးသားသုက်ပိုး မတွေ့ရှိဘူးလို့ မှုခင်းဆရာဝန်ကြီးက ထွက်ဆိုသွားတယ်လို့ တရားခံရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။
လူသတ်မှုနဲ့ သံသယ ရှိသူ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရာဇဝတ်မှုပုဒ်မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပါ။
သူ့ကိုစွဲဆိုထားတဲ့ အမှုတွေဟာ လုယက်မှု၊ မုဒိမ်းမှု ပုဒ်မတွေသာမက သေဒဏ်ကျခံနိုင်တဲ့ ပုဒ်မလည်းပါဝင်လို့ တရားခံက ခုခံချေပခွင့်ရှိပြီး ရှေ့နေငှားရမ်းခွင့် ပေးပေမယ့် တရားခံက ရှေ့နေမငှားရမ်းနိုင်တဲ့အတွက် နိုင်ငံတော်စရိတ်နဲ့ ရှေ့နေ ငှားပေးထားတာပါ။
မှုခင်းဆရာဝန်ကြီးရဲ့ စစ်ချက်တွေ့ရှိချက်တွေအပေါ် သေဆုံးသူ မရွှေရည်ဝင်းအတွက် စစ်မှန်တဲ့ တရားမျှတမှုကို လိုလားပြီး ကျုးလွန်သူကိုလည်း စံပြဖြစ်စေတဲ့ တရားစီရင်မှုမျိုး ချမှတ်စေလိုတယ်လို့ ရုံးချိန်ကို သွားရောက်ခဲ့တဲ့ မရွှေရည်ဝင်းရဲ့ အစ်မဝမ်းကွဲဖြစ်သူ မချိုဇင်ဦးက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ မှုခင်းဆရာဝန်နဲ့ သေဆုံးသူရဲ့ ရုံးလုပ်ငန်းလုပ်ဖက် FDA က ဆရာဝန် ၃ ဦးကို စစ်ဆေးခဲ့တာပါ။
အခုရုံးချိန်းအထိ တရားလိုပြ သက်သေ၂၇ ဦး စစ်မေးပြီးပြီဖြစ်လို့ ကျန်ရှိတော့တဲ့ သက်သေ ၄ ဦးကို လာမယ့်ရုံးချိန်းမှာ စစ်ဆေးပြီးရင် မကြာခင်အတွင်း စီရင်ချက်ချမှတ်နိုင်မှာ ဖြစ်တယ်လို့ ရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းတုန်းက တက္ကစီယာဉ်မောင်း မျိုးဇော်ဦးက FDA ဝန်ထမ်း မရွှေရည်ဝင်းကို သူ့ရဲ့အငှားကားပေါ်မှာ အဓမ္မပြုကျင့် လုယက်သတ်ဖြတ်ခဲ့တဲ့ အမှုဖြစ်စဉ်ကြောင့် အမျိုးသမီးတွေအကြားမှာ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ မလုံခြုံမှုတွေ ဖြစ်ပွားခဲ့ပြီး အကြောင်းအမျိုးမျိုးနဲ့ တက္ကစီ စီးရမှာကို စိုးရိမ် ကြောက်ရွံ့ နေခဲ့ကြပါတယ်။