ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်သွားမယ်

ဓာတ်ပုံ မူပိုင် Prof Win Myat Aye FB
Image caption ကုလမသဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ဒေါက်တာ ဝင်းမြတ်အေး မိန့်ခွန်းပြောကြားစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံ နေရာချထားရေး ကိစ္စတွေမှာ ဦးစီးဦးဆောင် လုပ်နေသူ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ လာမယ့် ဧပြီလ ၁၁ ရက် နေ့ကျရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ သဘောတူထားတဲ့ ကိစ္စတွေ၊ အခက်အခဲတွေကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးတွေနဲ့ တွေ့ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ဒီလို ဆွေးနွေးခြင်းအားဖြင့် ဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စကို အလျင်အမြန် စနိုင်မှာ ဖြစ်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှာလို့ သူက ပြောပါတယ်။

လက်ရှိအချိန်အထိ ဒုက္ခသည်တွေ ပြန်ပို့တာကို မစတင်နိုင်သေးတာကြောင့် ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ ညှိနှိုင်းဖို့လို တာကြောင့် လူကိုယ်တိုင်သွားရောက် ဆွေးနွေးတာလို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ပေးမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိတဲ့ ဒုက္ခသည် စခန်းအထိ သွားရောက်ချင်တယ်လို့လည်း သူက ပြောပါတယ်။

ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့သူတွေ သိရှိအောင် မြန်မာအစိုးရဘက်က ဆောင်ရွက်နေတဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ်တွေကိုလည်း တတ်နိုင်သမျှ သတင်းတွေ ထုတ်ပြန်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒုက္ခသည် ပြန်လည် လက်ခံရေးအတွက် အစိုးရနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)တွေနဲ့ သဘောတူ စာချုပ်ချုပ်ဆိုဖို့ နားလည်မှု စာချွန်လွှာ (MOU) မူကြမ်းကတော့ ပြီးနေပြီလို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ