ထိုင်းငါးဖမ်းစက်လှေပေါ်က မြန်မာအလုပ်သမားတွေကို ကာကွယ်ပေးဖို့ လုပ်မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုပိုင်ပိုင်ဟာ အလုပ်လုပ်ခဲ့တဲ့ ၈ နှစ်လုံးလုံး စက်လှေထဲမှာ နေခဲ့ရသလို ကူညီကယ်ဆယ်ရေး အဖွဲ့ကို ဆက်သွယ်ရာကနေ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ကယ် တင်လို့ စက်လှေကနေ လွတ်မြောက်ခဲ့ရတယ်

ထိုင်းနိုင်ငံ ငါးဖမ်း စက်လှေတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေ လူအခွင့်အရေး ချိုးဖောက် ခံရတာ၊ လုပ်အားခခေါင်းပုံ ဖြတ်ခံနေရတာ စတဲ့ အခက်အခဲကို ဖြေရှင်းဖို့ မြန်မာအစိုးရ၊ ထိုင်း ရေလုပ်ငန်း ရှင်များ အဖွဲချုပ်နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့သူတွေဟာ ဧပြီ ၃ ရက်က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းမှာ ရှိတဲ့ ငါးဖမ်းလှေတွေမှာ ငါးဝယ်နေတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ လှေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ပိုအကာအကွယ် ပေးနိုင်ဖို့ လုပ်ဆောင်မှာလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ ရေလုပ်သားတွေကို အကာအကွယ် ပေးနေတဲ့ Issara Institute ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး ဒေါ်ဥမ္မာအိအိချောက ဘီဘီစီကို ပြောပါတယ်။

ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ချင်တဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး တရားဝင် စေလွှတ်ဖို့ ဆောင်ရွက်နေတယ်လို့ အလုပ်သမားလူဝင်မှု၊ ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်း ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်နေရတဲ့မြန်မာ လုပ်သားတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေ အများအပြား ရှိနေ

ထိုင်း ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်နေရတဲ့မြန်မာ လုပ်သားတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေ အများအပြား ရှိနေသလို ဒီအထဲမှာ သတ်မှတ် လုပ်အားခတွေ ပုံမှန် မရှင်းပေးတာတွေ ရှိတယ်လို့ ထိုင်း စက်လှေထဲမှာ အလုပ်လုပ်ခဲ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်မှာ နေထိုင်တဲ့ ကိုပိုင်ပိုင်က ပြောပါတယ်။

ကိုပိုင်ပိုင်ဟာ အလုပ်လုပ်ခဲ့တဲ့ ၈ နှစ်လုံးလုံး စက်လှေထဲမှာ နေခဲ့ရသလို ကူညီကယ်ဆယ်ရေး အဖွဲ့ကို ဆက်သွယ်ရာကနေ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ကယ် တင်လို့ စက်လှေကနေ လွတ်မြောက်ခဲ့ရတယ်လို့ ပြောပါတယ်။

အခုလို လွတ်မြောက်လာပေမယ့် သူ့လို တွေ့ကြုံတွေ့နေရတဲ့သူတွေ အများကြီးရှိသေးတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အနောက်နိုင်ငံတွေ မီဒီယာတွေမှာရေးသားဖော်ပြချက်တွေကြောင့် အခုနောက်ပိုင်းမှာ ရေလုပ်သား တွေအပေါ် လူအခွင့်အရေးချိုးဖောက်ခံရတာတွေ လျော့နည်းလာပေမယ့် စက်လှေပေါ်က အလုပ်သမား ၈၀ ရာခိုင်နှုန်းကတော့ ကြုံတွေ့နေရဆဲပဲလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အနောက်နိုင်ငံတွေ မီဒီယာတွေမှာရေးသားဖော်ပြချက်တွေကြောင့် အခုနောက်ပိုင်းမှာ ရေလုပ်သား တွေအပေါ် လူအခွင့်အရေးချိုးဖောက်ခံရတာတွေ လျော့နည်းလာပေမယ့် စက်လှေပေါ်က အလုပ်သမား ၈၀ ရာခိုင်နှုန်းကတော့ ကြုံတွေ့နေရဆဲပဲလို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြန်မာလုပ်သားတွေကို စတင် စေလွှတ်ခဲ့ ပါတယ်။

ဒါပေမယ့် MOUရဲ့ အားနည်းချက်၊ ပွဲစားတွေရဲ့ လူလည်ကျမှုတွေကြောင့် MOUနဲ့ သွားရောက် အလုပ်လုပ် ကိုင်တဲ့ အလုပ်သမားတွေ ကိုယ်တိုင် စာချုပ်ပါ အလုပ်နဲ့ လက်တွေ့ အလုပ် လုပ်ရတဲ့ ကွာဟမှုတွေ လုပ်ခလစာ အပြည့်အဝမရတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထောက်ပြနေပါတယ်။