အာဆာနဲ့ အဆက်သွယ်မလုပ်ဖို့ တရုတ်ကပြောထားကြောင်း ဝခေါင်းဆောင်ဆို

ဓာတ်ပုံ မူပိုင် KoKangMedia
Image caption ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ အစည်းအဝေး

အေအေ ရခိုင်တပ်ဖွဲ့အပါအဝင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ FPNCC အနေနဲ့ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်ဖွဲ့ အာဆာ နဲ့ ဆက်သွယ်မှုတွေ မလုပ်ဖို့ တရုတ်ဘက်က တိုက်တွန်းပြောဆိုထားတယ်လို့ ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က ၀ ဒေသ ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ အစည်းအဝေး ဖွင့်ပွဲအတွက် ၀ ခေါင်းဆောင် ပေါက်ယူချန်းက ပေးပို့တဲ့ မိန့်ခွန်းမှာ ဖော်ပြထားတာပါ။

အာဆာ အဖွဲ့ဟာ တရုတ်နိုင်ငံ ရှင်ဂျန်းဒေသက ဝီဂါခွဲထွက်ရေးအဖွဲ့နဲ့ ဆက်စပ်မှုရှိနေတဲ့အတွက် အာဆာနဲ့ ဆက်သွယ်မှု ရှိရင် တရုတ်အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ပေါက်ယူချန်းက ပေးပို့တဲ့ မိန့်ခွန်းမှာ ဖော်ပြထားတယ်လို့ အစည်းအဝေး တက်ရောက်တဲ့ သူအချို့က ဆိုပါတယ်။ အဲဒီ FPNCC အဖွဲ့ထဲမှာ အေအေ ရက္ခိုင့်တပ်မတော်လည်း ပါဝင်ပါတယ်။

အေအေ ရခိုင်အဖွဲ့ဘက်ကတော့ အာဆာနဲ့ ဆက်သွယ်ပတ်သက်ခြင်းမရှိဘူးလို့ ပန်ဆန်းမှာလုပ်တဲ့ အစည်းအဝေးမှာပဲ ပြောခဲ့ပါတယ်။ အေအေ အဖွဲ့လှုပ်ရှားတဲ့ နေရာနဲ့ အာဆာအဖွဲ့ ဝင်ရောက်လှုပ်ရှားခဲ့တဲ့ ဒေသဟာ ကီလိုမီတာ ၇၀ ကနေ ကီလိုမီတာ ရာချီ ဝေးကာတယ်လို့လည်း ရခိုင့်တပ်မတော်က စစ်ဦးစီးချုပ်က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ အစည်းအဝေးတက်ရောက်သူတွေက ဆိုပါတယ်။

တရုတ်ရဲ့ အာရှပစိဖိတ်ရေးရာနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဆွန်းကော့ရှန်က မြောက်ပိုင်းအဖွဲ့တွေကို အာဆာနဲ့ ဆက်သွယ်မှု မလုပ်ဖို့ ပြောဆိုခဲ့တာ နှစ်ကြိမ်ရှိပြီလို့ ပန်ဆန်းအစည်းအဝေးကို တက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့က အမည်မဖော်လိုတဲ့ ထိပ်တန်းခေါင်းဆောင်တဦးကလည်း ဘီဘီစီကို ပြောပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်ဟာ အာဆာအဖွဲ့နဲ့ ရိုဟင်ဂျာအရေးအပေါ် အန်န်အယ်လ်ဒီအစိုးရရဲ့ ရပ်တည်ချက်အတိုင်း သွားနေတယ်လို့ သုံးသပ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာ စီးပွားရေး ရှိနေတဲ့ ရခိုင်မှာ ရိုဟင်ဂျာအရေးအခင်းပေါ်လာတာဟာ အနောက်နိုင်ငံတွေနဲ့ ပတ်သက်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်ရှိပြီး အေအေနဲ့ အာဆာ ဆက်နွယ်နိုင်မှုအပေါ် မြန်မာဘက်ကလည်း ပြောဆိုတာရှိထားတဲ့အတွက် တရုတ်က ရှင်းရှင်းလင်းလင်း သတိပေးတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အလွှာစုံဆက်ဆံမှုကို နောက်ပိုင်းမှာ အလေးပေးဆောင်ရွက်လာနေခဲ့တာပါ။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား ဆွေးနွေးမှုတွေ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကြားဝင်ဆောင်ရွက်ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ