ရိုက်တာ သတင်းထောက်တွေရဲ့ အမှု ဧပြီ ၁၁ ရက်မှာ ဆုံးဖြတ်မယ်

ရိုက်တာ သတင်းထောက်၊ ရခိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ခဲ့တယ် ဆိုပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံထားရ

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အမှုကို စွဲချက်တင်သင့် မတင်သင့်နဲ့ ပတ်သက်လို့ လာမယ့် ဧပြီလ ၁၁ရက်နေ့မှာ တရားသူကြီးက စီရင်ချက် ချမှာ ဖြစ်ပါတယ်။

ဧပြီလ ၄ရက်နေ့ ရုံးချိန်းအတွင်း နှစ်ဖက် ရှေ့နေတွေက အပြန်အလှန် လျှောက်လဲချက်တွေ ပေးခဲ့ရာမှာ သတင်းထောက်တွေဘက်က ရှေ့နေက အချက် ၄ ချက်ပါ ပုဒ်မ ၃၁ (ဂ) အရ သတင်းထောက် နှစ်ယောက်ကို လျို့ဝှက်အက်ဥပဒေနဲ့ စွဲချက်တင်ဖို့ အကျုံးမဝင်ကြောင်း လျှောက်ထားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့အတူ သိမ်းဆည်းမိခဲ့တဲ့ စာရွက်စာတမ်းတွေဟာ လျှို့ဝှက် စာရွက်စာတမ်းတွေ မဟုတ်သလို အများကို ဖြန့်ဝေတာမျိုးလည်း မရှိခဲ့ကြောင်း၊ တခါ ဒီစာရွက်စာတမ်းတွေဟာ နိုင်ငံတော် အကျိုးစီးပွားကို ဆန့်ကျင်တယ် ဆိုတာကိုလည်း သက်သေ မပြနိုင်ခဲ့ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က လျှောက်လဲ ထွက်ဆိုသွားခဲ့ပါတယ်။

အမှု လျှောက်လဲချက်အပေါ် အားရ ကျေနပ်မှု ရှိပေမယ့် မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာရင်လည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ သူက ပြောပါတယ်။

အရေးကြီး သက်သေတွေ အပါအဝင် တရားလိုပြ သက်သေ ၁၇ယောက်အထိ ခေါ်ယူ စစ်ဆေးခဲ့ပြီး ဖြစ်ပေမယ့် စွဲချက် တင်နိုင်လောက်တဲ့အထိ သက်သေခံချက် မပေါ်လို့ ကျန်ရှိနေတဲ့ တရားလိုပြ သက်သေတွေကို အကုန် မစစ်ဆေးတော့ပဲ လျှောက်လဲချက် ပေးဖို့ တင်ပြမှုအပေါ် ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားရုံးက လက်ခံခဲ့တာပါ။

ဒါ့အပြင် ဟောလိဝုဒ် မင်းသား ဂျော့ဂျ် ကလူနီရဲ့ ဇနီးသည်လည်းဖြစ် နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်ဆိုင်ရာ အထူးပြု ရှေ့နေ တဦးလည်း ဖြစ်တဲ့ လူ့အခွင့်အရေး ရှေ့နေ အမားလ် ကလူနီက ရိုက်တာ သတင်းထောက် နှစ်ဦးအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေအဖွဲ့နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ တရားဝင် ကြေညာထားပါတယ်။

ရိုက်တာ သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ခဲ့တယ် ဆိုပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ မြောက်ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီးကနေ တရားလိုလုပ် တရားစွဲတင် ထားတာ ဖြစ်ပါတယ်။