ချင်း ၃ ပါတီပေါင်းပြီး ပါတီသစ် မှတ်ပုံတင်မယ်

ဓာတ်ပုံ မူပိုင် Eaint Khine Oo
Image caption ချင်းထုံးတမ်းစဉ်လာ အက်ဥပဒေကို ပြင်ဆင်ပြီး ပြန်လည်ဥပဒေပြုနိုင်ဖို့ ချင်းပါတီသစ် ကြိုးစားမယ်

ချင်းပါတီ သုံးခု ပူးပေါင်းပြီး ချင်းအမျိုးသား ကွန်ဂရက် ပါတီ Chin National Congress Party ဆိုတဲ့ နာမည်နဲ့ ပါတီသစ် အဖြစ် မကြာခင် မှတ်ပုံတင်တော့မှာ ဖြစ်ပါတယ်။

CPP ချင်းတိုးတက်ရေးပါတီ၊ CNDP ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနဲ့ CLD ချင်းဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ ပါတီ သုံးခု ပူးပေါင်းပြီး မှတ်ပုံတင်မှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပါတီတွေ တစ်နေရာမှ မနိုင်ခဲ့တဲ့ အတွက် ပါတီတွေ သီးခြားကွဲနေမယ့်အစား ပါတီတစ်ခုတည်းကိုသာ မဲပေးချင်တယ် ဆိုတဲ့ ချင်းပြည်သူတွေရဲ့ ဆန္ဒအရ တစုတစည်းတည်း ပေါင်းစည်းဖို့ ကြိုးပမ်းခဲ့တာလို့ ပေါင်းစည်းရာမှာပါတဲ့ ချင်းတိုးတက်ရေးပါတီ အထွထွေ အတွင်းရေးမှူး ဦးရှိန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ် အတွင်းက ပါတီတွေအားလုံး ပူးပေါင်းနိုင်ရေးအတွက် ၂၀၁၀ ကတည်းက စတင် ညှိနှိုင်းခဲ့ကြပေမဲ့ ချင်း ပါတီတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပိုနီးစပ်တဲ့ အုပ်စုနဲ့ မနီးစပ်တဲ့ အုပ်စုတွေ ရှိပြီး အမြင် မတူကြတဲ့အတွက် မပူးပေါင်းနိုင် ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

ပါတီသစ် အနေနဲ့ ချင်းပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် နေရာတွေ ပြန်လည်ရယူနိုင်ဖို့နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က အသိအမှတ်ပြုခံ ထားရပြီးသား ချင်း ထုံးတမ်းစဉ်လာ အက်ဥပဒေကို ခေတ်နဲ့ အညီ ပြုပြင်ပြီး ဥပဒေပြုနိုင်ဖို့ ရည်ရွယ် လုပ်ဆောင်မယ်လို့ အတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

အခု ချင်းအမျိုးသား ကွန်ဂရက် ပါတီ သစ်ထဲက နှစ်ပါတီက ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ် ဖြစ်တဲ့ UNA ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့မှာ ပါဝင် ခဲ့ကြပါတယ်။