ဟင်းရှာသွားတဲ့ မြိုအမျိုးသမီးတဦး အသတ်ခံရ

မောင်တောမြို့နယ်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ် မြောက်ပိုင်းမှာ လူတစုရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် မြိုအမျိုးသမီးတဦး သေဆုံးပြီး အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦးတို့ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
သေဆုံးသွားတဲ့သူဟာ ဒေါ်ဆောင်းရွေး ဖြစ်ပြီး တခြားမြိုတိုင်းရင်းသားတွေနဲ့ လိုင်သီချောင်းအနီး ဟင်းရှာသွားစဉ်မှာ အသတ်ခံရတာလို့ သစ်တောနားခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးမောင်ဇူက ပြောပါတယ်။
ဒီလို အသတ်ခံရတာကို မောင်တောခရိုင်ရဲမှူးကြီးကလည်း အတည်ပြုပါတယ်။
သတ်ဖြတ်သွားတဲ့သူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
အခုလို ဟင်းရှာသွားတဲ့သူတွေအားလုံးဟာ သစ်တောနားခွဆုံအုပ်စု လေးမြို့ကေဒီ ကျေးရွာက ဖြစ်ကြပါတယ်။
ဒီလို သတ်ဖြတ်ခံရတဲ့ နောက်မှာ ရွာသားတွေ အကြား စိုးရိမ်မှုတွေ တိုးပွားနေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။