ထားဝယ်တိုင်းအစိုးရ အဆောက်အဦသစ် ကန့်ကွက်

ဓာတ်ပုံ မူပိုင် Aung Moe Thu FB
Image caption ဒီလိုဆောက်လုပ်နေတာကြောင့် ၃ ထပ်အဆောက်အဦသာ ပြီးသွားရင် အနှစ် ၉ဝ သက်တမ်းရှိတဲ့ ကိုလိုနီခေတ် အဆောက်အဦကြီးရဲ့ ၃ ဘက်မြင် ဘေးတိုက် မြင်ကွင်း တခုလုံး ဖုံးကွယ် သွားနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြ နေပါတယ်

တနင်္သာရီတိုင်းဒေသကြီး မြို့တော် ထားဝယ်မှာ အစိုးရအဖွဲ့ ရုံးစိုက်ထားတဲ့ ကိုလိုနီ ခေတ်လက်ရာ အဆောက်အဦနဲ့ ကပ်လျက် အဆောက်အဦသစ် ဆောက်လုပ်နေတဲ့ အစီအစဉ် အပေါ် ကန့်ကွက်နေကြပါတယ်။

ထားဝယ်မြို့ရဲ့ အဓိက လမ်းမကြီး တစ်ခုဖြစ်တဲ့ အာဇာနည်လမ်းမကြီးပေါ်မှာ ရှိတဲ့ အဆောက်အဦဟာ အင်္ဂလိပ် ကိုလိုနီခေတ် ၁၉၂၈ ခုနှစ်က တည်ဆောက်ထားတာ ဖြစ်ပြီး ခေတ်အဆက်ဆက် ဒေသန္တရ အစိုးရ အဖွဲ့တွေ ရုံးစိုက်ကြတဲ့ ခန့်ထည်လှတဲ့ ဧရာမ အဆောက်အဦကြီး ဖြစ်ပါတယ်။

အခု ဒီအစိုးရရုံးကြီးရဲ့ လက်ယာဘက်မြေကွက်လပ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု ရှိနေပြီး ၃ ထပ် အဆောက်အဦတလုံး ဆောက်လုပ်ဖို့ အောက်ခြေ မြေတူး ဖောင်ဒေးရှင်း ချတဲ့ အဆင့်ကို ပြီးစီးနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဒီလိုဆောက်လုပ်နေတာကြောင့် ၃ ထပ်အဆောက်အဦသာ ပြီးသွားရင် အနှစ် ၉ဝ သက်တမ်းရှိတဲ့ ကိုလိုနီခေတ် အဆောက်အဦကြီးရဲ့ ၃ ဘက်မြင် ဘေးတိုက် မြင်ကွင်း တခုလုံး ဖုံးကွယ် သွားနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြ နေပါတယ်။

ဒီဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်တန့်ပေးဖို့ တောင်းဆိုနေတဲ့ ဦးထိန်ဝင်းက အဆောက်အဦကို မူလ လက်ရာမပျက်ထားရှိချင်လို့ ကန့်ကွက်တာလို့ ပြောပါတယ်။

ဒီရုံးကြီးဟာ ထားဝယ်ကို ရောက်လာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင် တစား လာကြည့်ကြတဲ့ အထင်ကရ လက်ရာတခု ဖြစ်လို့ မြို့ခံတွေက ဂုဏ်ယူ ကြရတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Aung Moe Thu FB
Image caption ခေတ်မီ ၃ ထပ် အဆောက်အဦကို ကပ်ဆောက်တာဟာ ရှေးဟောင်း လက်ရာ မြင်ကွင်းကို ထိခိုက် စေတယ် ဆိုတဲ့ မြို့ခံတွေရဲ့ အသံကို နားမထောင်ပဲ တိုင်း အစိုးရက ဆက် အကောင်အထည် ဖော်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီရုံးကြီးရဲ့ ဘေးပတ်ချာလည်မှာ မြူနီစပယ်ရုံးလို့ နှုတ်ကျိုးနေတဲ့ စည်ပင်ရုံး၊ ထားဝယ် ကူးသန်း၊ ဈေးရုံနဲ့ အခုခေတ် အင်းဝဘဏ် ဖြစ်နေတဲ့ အဆောက်အဦ စသဖြင့် ကိုလိုနီခေတ် လက်ကျန် အဆောက်အဦတွေ ရှိနေပြီး ဘီအိုင်အေ အာဇာနည် ကျောက်တိုင်၊ လွတ်လပ်ရေး ကျောက်တိုင် စတဲ့ သမိုင်းဝင် အထိမ်းအမှတ် နေရာ တွေလည်း ရှိပါတယ်။

ခေတ်မီ ၃ ထပ် အဆောက်အဦကို ကပ်ဆောက်တာဟာ ရှေးဟောင်း လက်ရာ မြင်ကွင်းကို ထိခိုက် စေတယ် ဆိုတဲ့ မြို့ခံတွေရဲ့ အသံကို နားမထောင်ပဲ တိုင်း အစိုးရက ဆက် အကောင်အထည် ဖော်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

တနင်္သာရီ တိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေးနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်ကတော့ အစိုးရက ဆောင်ရွက်တဲ့ ကိစ္စမှန်သမျှကို မြို့လူထုရဲ့ ဆန္ဒကို တောင်းခံနေရင်တော့ အလုပ်က ဖြောင့်ဖြောင့် ဖြူးဖြူး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထိန်းသိမ်းသင့်တဲ့ ရှေးအဆောက်အဦ အဖြစ် တရားဝင် သတ်မှတ်တာမျိုးကို ရန်ကုန်မှာသာ တွေ့ရပြီး၊ ကျန်တဲ့ မြို့ရွာ နယ်ပယ်တွေမှာတော့ မတွင်ကျယ်လှသေးပါဘူး။

ရှေးအဆောက်အဦးထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ Yangon Heritage Trust အဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင် ကတော့ မြို့ခံတွေ တန်ဖိုးထားတဲ့ ရှေး အဆောက်အဦတွေနဲ့ သက်ဆိုင်နဲ့ ကိစ္စတွေမှာ အာဏာပိုင်တွေ အနေနဲ့ အများရဲ့ သဘောထား ဆန္ဒကို ကြိုတင်ရယူ သင့်တယ်လို့ ဆိုပါတယ်။

ထားဝယ် တိုင်း အစိုးရ ရုံးနံဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်ဆိုင်းလို သူတွေကတော့ လက်မှတ်တွေ လိုက်လံ ကောက်ခံပြီး၊ ပြည်ထောင်စု အစိုးရ အထိ ပေးပို့သွားမယ်လို့ ပြောနေပါတယ်။