ဟူးကောင်းဒေသမှာ KIA ပြောက်ကျား စစ်ဆင်ရေးလုပ်မယ်

Image caption တပ်မတော်နဲ့ ကချင်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ရှိနေ

ကချင်ပြည်နယ် ဟူးကောင်း ခရိုင်နယ်မြေအတွင်းမှာ KIA ကချင်လွတ်လပ်ရေး တပ်ဖွဲ့တွေက စစ်ဆင်ရေး လုပ်မှာဖြစ်လို့ အဲဒီဒေသကိုလာပြီး ရွှေနဲ့ ပယင်း တူးဖော်နေသူတွေ ကိုယ့်နေရပ်ကို အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေး ထားပါတယ်။

KIA တပ်မဟာ ၁၄ ဒေသမှာ ဒေသအတွင်း ရှဒူးဇွတ်ဂျာဝမ်၊ နန်ဗျူ၊ နန်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘာချောင်းဖျား ဒေသတို့မှာ ရွှေနဲ့ ပယင်း ခိုးတူး နေကြတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ် လက်စားတွေ ကို သတိပေးတာလို့ KIO ကချင်လွတ်လပ်ရေး အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့ သတိပေးထားတာပါ။

KIA တပ်မဟာ ၁၄ ဒေသမှာ အစိုးရ တပ်တွေက စစ်ကြောင်း ထိုးနေတာကြောင့် KIA တပ်တွေကလည်း လှုပ်ရှား တပ်တွေ ပုံစံနဲ့ ပြန်လည် လှုပ်ရှားရမှာဖြစ်တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ခုခံ စစ်ပွဲ အနေနဲ့ မဟုတ်ဘဲ ပြောက်ကျားစစ်ဆင်ရေး နဲ့ မိုင်းစစ်ဆင်ရေး လုပ်မှာဖြစ်ပြီး ဘယ်လို ပုံစံ လုပ်ဆောင်မယ် ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ သူက ဆိုပါတယ်။

လောလောဆယ်မှာ တပ်မတော် စစ်ကြောင်းတွေက ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသ၊ ဖားကန့်ဒေသ၊ တနိုင်းဒေသ၊ ဗန်းမော်နဲ့ မန်စီ ဒေသဘက်မှာ ရှိနေပြီး နှစ်ဘက် စစ်ရေးအခြေအနေ တင်းမာနေတဲ့ အတွက် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ် လို့လည်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။