NLD အစိုးရ လက်ထက်မှာ လက်နက်ကိုင် ပဋိပက္ခ ပိုကြီးလာသလား

ဓာတ်ပုံ မူပိုင် Reuters
Image caption NLD အစိုးရနဲ့ တပ်မတော်ကြား နားလည်မှု တည်ဆောက်နိုင်ရေး အရင်အစိုးရထက် ပိုခက်ခဲ

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ ဒေသတွေမှာ ဖြစ်စေ၊ လက်မှတ်မထိုးထားတဲ့ ဒေသတွေမှာ ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခ တွေ က အရင်နှစ် က ထက်စာရင် တိုးလာနေပါတယ်။

ကချင်ပြည်နယ် ဟူးကောင်း ခရိုင်နယ်မြေအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်မှာမို့ အဲဒီက ရွှေမှော်တွေ၊ ပယင်းမှော် တွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေ ထွက်ခွာ ကြဖို့ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA က အမိန့်ထုတ်နေပါတယ်။

အဲဒီ ဒေသ မှာ ကချင် လက်နက်ကိုင်တပ် နဲ့ အစိုးရ တပ်မတော် အကြား စစ်ဖြစ်လာမယ့်အပြင် သူတို့ ၂ ဘက်ကြား လက်နက်ကိုင်တိုက်ပွဲတွေ အချိန်မရွေး ထဖြစ်နိုင်တဲ့နေရာတွေ က ကချင်ပြည်နယ်တွင်းမှာ မန်စီဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပူတာအိုနဲ့ ဆွမ်ဘရာဘွမ် လမ်းတလျောက် စတဲ့နေရာတွေမှာ ဖြစ်ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူ က ဘီဘီစီ ကို ပြောပါတယ်။

တအာင်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLA နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ က လည်း ဖြစ်ဆဲပါ။

အဲဒီလို အပစ်မရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အပြင် အစိုးရ တပ်မတော်နဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေလည်း ရှိနေပါတယ်။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ RCSS/SSA နဲ့ KNU တပ်မဟာ ၅ တပ်ဖွဲ့တွေ ဟာ လည်း တပ်မတော် ရဲ့ စစ်ဆင်ရေးတွေ ကို ပြန်လည် တုံ့ပြန် နေကြတာပါ။

အခုလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ အရင် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်း က စတင်ထားခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ ဆက်လက်လုပ်ဆောင်နေပေမယ့် လက်နက်ကိုင် ပဋိပက္ခ အရှိန်ကို မလျော့နိုင်ပါဘူး။

ပိုများလာတယ်လို့ သုံးသပ်မှုတွေ လည်း ရှိပါတယ်။

အရင်အစိုးရနဲ့ တပ်မတော်ကြားနားလည်မှု ရှိခဲ့ပုံရပြီး အခု NLD အစိုးရနဲ့ တပ်မတော်ကြား နားလည်မှု တည်ဆောက်ရေး ခက်ခဲတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး က ပိုခက်ခဲနိုင်တယ် လို့ မြန်မာ့အရေး သုံးသပ်သူ ဦးမောင်မောင်စိုး က ရှုမြင်ပါတယ်။

အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြားမှာလည်း ယုံကြည်မှု တည်ဆောက်နိုင်မှုမရှိကြတဲ့အတွက် တိုက်ပွဲတွေ က ဆက်များနေတာဖြစ်ကြောင်း သူက ပြောပါတယ်။

နိုင်ငံရေးအရ သဘောတူညီမှုမရခင် တိုင်းရင်းသား လက်နက်ကိုင်တွေက အင်အားတွေ ထပ်စုမှာကို တပ်မတော်က စိုးရိမ်သလို၊ တိုင်းရင်းသားအင်အားစုတွေ က လည်း လက်နက်ကိုင်တပ်တွေ အားမကောင်းရင် သူတို့ အနေနဲ့ ဆွေးနွေးမယ့် ကိစ္စတွေမှာ အားနည်းလိမ့်မယ် လို့ မြင်နေကြကြောင်း ဦးမောင်မောင်စိုး က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ မှာလည်း တဖက်နဲ့တဖက် သဘောပေါက်ထားမှုတွေ က မတူကြသလို၊ ချဉ်းကပ်မှုတွေ က မတူကြဘူးလို့ သူက ဆိုပါတယ်။

ဥပမာ ပြောရရင် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဆိုတာကို တပ်မတော်ဘက်က သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့တွေ က သူတို့ပြောချင်တဲ့အကြောင်းအရာတွေကို သက်ဆိုင်ရာ နယ်မြေမှာ ဆွေးနွေးကြပြီး ငြိမ်းချမ်းရေး ညီလာခံ ကို လာကြဖို့ မြင်ထားပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖက်ကတော့ တပြည်နယ်လုံးမှာ ရှိတဲ့ သူတို့တမျိုးသားလုံးအရေး၊ ပြည်နယ်တခုလုံး အရေး ကို ဆွေးနွေး လိုကြတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတာကို သီးခြားဖြေရှင်းရမယ် ဆိုတဲ့ အမြင်နဲ့ နိုင်ငံတော် တည်ဆောက်ရေး State Building ကို တည်ဆောက်ဖို့ အဖြေရှာရင်း ဖြေရှင်းရမယ် ဆိုတဲ့ အမြင် စတဲ့ အမြင်တွေ ၂ မျိုး ကွဲနေပြီး ငြိမ်းချမ်းရေး ကို ချဉ်းကပ်မှုတွေ ကွဲနေတယ်လို့ သူက ရှုမြင်ပါတယ်။