ဖာပွန်မှာ အစိုးရတပ်နဲ့ ကေအန်ယူ အကြား ပစ်ခတ်မှုတွေ ပြန်ရှိလာ

Image caption တောတွင်းတနေရာမှာတွေ့ရတဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်များ

မတ်လကုန်ပိုင်းက ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး၊ကေအန်ယူ ကိုယ်စားလှယ် တွေ တွေ့ဆုံမယ့်ပွဲ ပျက်ခဲ့ပြီးနောက် ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်ခရိုင်မှာ အစိုးရတပ်နဲ့ ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တွေအကြား အခုရက်ပိုင်း ပစ်ခတ်မှုတွေ ပြန်ရှိလာတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်မှာ ကားလမ်းဖောက်ဖို့ မတ်လအစောပိုင်းမှာ တပ်မတော်က တပ်ရင်းတွေတိုးချဲ့လာလို့ ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ ကြိုးစားရာမှာ အဆင်မပြေပဲ တွေ့ဆုံပွဲကို ရက်ရွှေ့ဆိုင်းစဉ်မှာပဲ အခုလို ထိတွေ့မှုတွေရှိလာတာလည်းဖြစ်ပါတယ်။

တပ်မတော်ဖောက်မယ့်ကားလမ်းဟာ စစ်ရေးမဟာဗျူဟာအတွက် အထောက်အကူဖြစ်မှာ စိုးရိမ်တဲ့ အတွက် ကားလမ်းဖောက်တာကို ရပ်စဲဖို့နဲ့ ကားလမ်းဖောက်လုပ်ရာမှာလုံခြုံရေးအတွက် ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာ ရောက်ရှိလာတဲ့ မြန်မာအစိုးရတပ်ရင်းတွေကိုလည်း ဒေသခံရွာကနေ ဆုတ်ခွာပေးဖို့လိုတယ်လို့ ကေအန်ယူက ပြောပါတယ်။

တပ်မတော်တပ်ရင်းတွေ ဖာပွန်ခရိုင်က ခေးပူ၊ လယ်မူပလော စတဲ့ကျေးရွာအထိ ဝင်ရောက်နေရာ ယူခဲ့တဲ့အတွက် ဒေသခံရွာသား နှစ်ထောင်လောက်ဟာ တောထဲမှာပုန်းရှောင်နေရပါတယ်။

ကေအန်ယူဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။

ကေအန်ယူဟာ ယခင်အစိုးရလက်ထက်မှာ တပ်မတော်နဲ့ ဆက်ဆံရေး အဆင်ပြေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ရှေ့တန်းကနေပါဝင်ခဲ့တာပါ။

မတ်လကုန်ပိုင်းမှာ တွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ ကေအန်ယူတပ်မဟာ ၅ ရဲ့တပ်မဟာမှူး မပါတဲ့အတွက် တွေ့ဆုံပွဲကို ရွှေ့ဆိုင်းချင်တယ်လို့ တပ်မတော်ဘက်က ပြောခဲ့ပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာမှုကိုဖြေရှင်းဖို့ အပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ကတဆင့် ကြိုးစားဆောင်ရွက်သွားမယ်လို့ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ