အရှေ့တောင်အာရှအကြီးဆုံး ဆည်စီမံကိန်း တရုတ်စစ်ဆေး

Image caption မိုင်းတုံဆည် တည်ဆောက်မဲ့ ဧရိယာနားက သံလွင်မြစ် မြင်ကွင်း

ဒေသခံတွေကန့်ကွက်မှုရှိနေခဲ့တဲ့ သံလွင်မြစ်ပေါ်က မိုင်းတုံဆည်နဲ့ ရေအားလျှပ်စစ် စီမံကိန်း ကို အကောင်ထည်ဖော်နိုင်မှု ရှိမရှိ အခြေအနေတွေကို တိုင်းတာဖို့အတွက် တရုတ် အင်ဂျင်နီယာနဲ့ ပညာရှင်တွေက ဆည်တည်ဆောက်ဖို့ လျာထားတဲ့ ဧရိယာအတွင်းမှာ တိုင်းတာမှုတွေ စတင်နေပြီဖြစ်ပါတယ်။

စီမံကိန်းအကောင်ထည်ဖော်ဖြစ်ခဲ့ရင် အရှေ့တောင် အာရှဒေသရဲ့ အကြီးဆုံး ဆည်ဖြစ်လာမယ့် မိုင်းတုံဆည်စီမံကိန်းတည်ဆောက်နိုင်မှု ရှိမရှိ အခြေအနေကို တရုတ်နိုင်ငံပိုင် China Three Gorge ကော်ပိုရေးရှင်း ကုမ္ပဏီကနေ ပြီးခဲ့တဲ့ မတ်လကစလို့ တိုင်းတာ စစ်ဆေးမှုတွေ ပြန်လုပ်လာနေတာပါ။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စီမံကိန်းကြောင့် နေရပ်စွန့်ခွာပေးရမယ့် ကိစ္စတွေကြောင့် ဒေသခံတွေက ကန့်ကွက်မှု ရှိနေတဲ့ နည်းတူ စီမံကိန်းအကြောင်းပြ လုံခြုံရေး တပ်တွေ တိုးချဲ့ နေရာယူလာမယ့် ကိစ္စတွေအပေါ်မှာ လည်း ဒေသတွင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ကန့်ကွက်မှုရှိနေတာပါ။

နားလည်မှုစာချွန်လွှာထိုးထားတယ်ဆိုတာ စီမံကိန်းဖြစ်နိုင်ခြေရှိမရှိ အတွက်သာ လက်မှတ်ထိုးထားတာ ဖြစ်ပြီး နားလည်မှု စာချွန်လွှာအရ စီမံကိန်း ဆက်လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတော့ မရှိကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က ဘီဘီစီကို ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိပြီး ဒေသခံတွေကလည်း လက်မခံရင် လေ့လာဆန်းစစ်ချက် ရလာဒ်တွေ မကောင်းရင်လည်း စီမံကိန်းအကောင်ထည်ဖော်ဖို့ အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဦးစိုးမြင့်က ပြောပါတယ်။

မိုင်တုံဒေသမှာ တည်ဆောက်ဖို့ လျာထားတဲ့ ဆည်စီမံကိန်းကို စစ်အစိုးရလက်ထက်ကတည်းက စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂ဝ၁ဝ ပြည့်နှစ်မှာ ဆည်စီမံကိန်းအတွက် တိုင်းတာစစ်ဆေးဖို့လာတဲ့ တရုတ်အင်ဂျင်နီယာတွေကို အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ရေဝပ်ဧရိယာ ၂၆၂ စတုန်းမိုင်လောက် ရှိနိုင်တဲ့ ဆည်စီမံကိန်းကို မိုင်းတုံ နယ်သာမက သံလွင်မြစ် အနောက်ဘက်ကမ်းက ကွန်ဟိန်း၊ မိုင်းပန် စတဲ့ဒေသတွေက ဒေသခံတွေကလည်း စိုးရိမ်တကြီး ကန့်ကွက်မှုတွေ ရှိခဲ့တဲ့အတွက် ၂ဝ၁၄ လောက်မှာ လေ့လာဆန်းစစ်မှုနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ ခေတ္တရပ်နားခဲ့ပြီး အခုအချိန်မှ စီမံကိန်းနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်မှုတွေ ပြန်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဆည်စီမံကိန်း တည်ဆောက်နေရာဟာ မိုင်းတုံမြို့နဲ့ မိုင် ၅၀ လောက်ကွာဝေးတဲ့ ဝမ်ဆာလ ကျေးရွာအနီးမှာ တည်ရှိပြီး စီမံကိန်းနယ်မြေမှာ လတ်တလော လုံခြုံရေး တင်းကျပ်မှုတွေ ပြန်ရှိလာနေတယ်လို့ မိုင်းတုံမြို့ခံ ဦးမင်းဇော်က ဘီဘီစီကို ပြောပါတယ်။

ဝမ်ဆာလကျေးရွာအနီး သွားလာမှု ကန့်သတ်တာတွေ ရှိလာသလို သံလွင်မြစ်ထဲ လှေနဲ့သွားလာတဲ့ ပြည်သူ့စစ်တဦး ပစ်ခတ်ခံရပြီး သေဆုံးတာလည်း ရှိလာတဲ့အတွက် သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာသာမက မြစ်အနောက်ဘက်ခြမ်း ဒေသကိုပါ လုံခြုံရေး တင်းကျပ်လာနေတယ်လို့ ဦးမင်းဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyun Tha Htaung foundation
Image caption မိုင်းတုံဆည်စီမံကိန်းနယ်မြေနားမှာ ပြုလုပ်ခဲ့တဲ့ သံလွင်ဆည်စီမံကိန်းရပ်ဆိုင်းရေး ဆုတောင်းပွဲ

မကြာသေးခင်က အဲဒီစီမံကိန်း ဧရိယာဘက်ကို သတင်းထောက်အချို့သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝမ်ဆာလ ကျေးရွာအထိသာ သွားရောက်နိုင်ခဲ့ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာပိုင်တွေဘက်က စီမံကိန်း လေ့လာမှုလုပ်နေတဲ့ နယ်မြေအတွင်း သတင်းထောက်တွေကို ပေးမသွားခဲ့ပါဘူး။

သံလွင်မြစ်ပေါ်က မိုင်းတုံဆည် စီမံကိန်းအပါဝင် ရှမ်းပြည်နယ်အတွင်းက သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ဆည်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း စုစုပေါင်း ၄ ခု ရှိနေပြီး အကုန်လုံး နီးပါးဟာ တရုတ်နဲ့ တရုတ်နောက်ခံ အဖွဲ့အစည်းတွေရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ တည်ဆောက်ဖို့ လျာထားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

မိုင်းတုံဆည်စီမံကိန်းက ထွက်ရှိလာမယ့် လျှပ်စစ်တွေကို တရုတ်နဲ့ ထိုင်းနိုင်ငံက ၉၀ ရာခိုင်နှုန်းလောက်ရရှိမယ်လို့ သတင်းအချို့က ဖော်ပြထားပါတယ်။