ဧပြီ ၂၀ ရက်နောက်ပိုင်း KNPPနဲ့ အစိုးရ တွေ့မယ်

Image caption ဆွေးနွေးပွဲတခုတွင် KNPP ဆွေးနွေးနေစဉ်

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ဧပြီ ၂၀ ရက် နောက်ပိုင်း မှာ တရားဝင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ KNPPက ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်(PC)နဲ့ KNPPတို့ လွိုင်ကော်မြို့မှာ ဧပြီ ၆ ရက်နေ့က အလွတ် သဘော အကြို ညှိနှိုင်း ဆွေးနွေးခဲ့ရာမှာ တရားဝင် ဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်း အရာတွေကို ညှိနှိုင်းခဲ့ ကြတယ်လို့ KNPP အတွင်းရေးမှူး ၂ ခူးဒယ်လ်နီရယ်က ပြောပါတယ်။

ဆွေးနွေးဖို့အကြောင်းအရာတွေကို ညှိနှိုင်းရာမှာတော့ ငြိမ်းချမ်းရေး ကော်မရှင် ဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)ကို ဆွေးနွေးမယ်ဆိုတဲ့ အချက်တချက်ကို ထပ်ထည့်ခဲ့တယ်လို့ သူက ဆိုပါတယ်။

KNPPဘက်ကတော့ အရင်က နှစ်ဖက် သဘောတူ စာချုပ်မှာ အကောင်ထည် မဖော်ရသေးတဲ့ အချက်တွေ အပါအဝင် တပ်နေရာချ ထားရေး၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး ကိစ္စ၊ နိုင်ငံတကာရဲ့ လူမှု အကူအညီ စတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ခူးဒယ်လ်နီရယ်က ပြောပါတယ်။

KNPPဟာ ၂၀၁၂ ခုနှစ် မတ်လမှာ အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေး ထိုးခဲ့ဖူးပေမယ့် NCAမှာ လက်မှတ်ရေး ထိုးမထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီ ၂၀ ရက်နောက်ပိုင်း တွေ့ဆုံဆွေးနွေးတဲ့ ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး NCAမှာ လက်မှတ်ရေးထိုးမထိုးကတော့ ပြောင်းလဲ လာနိုင်သလို ဆက်လက် ဆွေးနွေးမှုတွေလည်း ရှိလာနိုင်တယ်လို့ ခူးဒယ်နီရယ်က ပြောပါတယ်။

အရင်နှစ် ဒီဇင်ဘာလက KNPPရဲ့ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အကြား ယုံကြည်မှုလျော့ကျလာတယ်လို့ KNPPက ပြောဆိုခဲ့ပါတယ်။ ဇန်နဝါရီလမှာတော့ NCAကို လက်မှတ် မထိုးနိုင် သေးဘူးလို့ KNPPက ပြောဆိုခဲ့ပါတယ်။

တပ်ဖွဲ့ဝင် ၃ ဦး အသတ်ခံရတဲ့ ကိစ္စကိုတော့ လာမယ့် တွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမှာ မဟုတ်ပေမယ့် ဒီကိစ္စအပေါ် သီးသန့် လုပ်ဆောင် တာတွေ ရှိတယ်လို့ ခူးဒယ်နီရယ်က ပြောပါတယ်။

KNPPဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့ဝင် ဖြစ်ပါတယ်။

UNFCအဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်နဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့လည်း NCAမှာ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်လို့ KNPPက UNFCအဖွဲ့ဝင် အဖြစ် ဆက်ရှိ နေရေးနဲ့ ပတ်သက်လို့ UNFC ညီလာခံမှသာ ဆုံးဖြတ်မယ်လို့လည်း KNPPက ပြောပါတယ်။