UN ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

ဓာတ်ပုံ မူပိုင် State Counsellor Office Fb
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အာရ်ဆူလာ မြူလာ

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA ရဲ့ လက်ထောက် အတွင်းရေးမှူးလည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိုနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာ မြူလာ ဟာ ဧပြီလ ၄ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့သလို ၅ ရက်နေ့မှာလည်း အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောမြို့ကို သွားရောက်ခဲ့ပြီး အဲဒီ့မှာ ရခိုင်တိုင်းရင်းသား မြိုတိုင်းရင်းသားတွေနဲ့ကော ဟိန္ဒူအသိုင်းအဝိုင်းနဲ့ ပန်းတောပြင် ကျေးရွာက မွတ်စလင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အပြင် ကချင်ပြည်နယ်တွင်း မြစ်ကြီးနား၊ဝိုင်းမော်နဲ့ မိုင်းနား စစ်ရှောင်စခန်းတို့က ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး စခန်းတာဝန်ရှိသူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ မြူလာအနေနဲ့ စစ်ရှောင်ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးနဲ့ အခက်အခဲတွေကို မေးမြန်းခဲ့သလို ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့ပေမယ့် ဘာတွေလုပ်ကိုင်ပေးမယ်ဆိုပြီး ကတိပေး ပြောကြားသွားတာမျိုး မရှိဘူးလို့ သူနဲ့တွေ့ဆုံခဲ့တဲ့ မိုင်နား စစ်ရှောင်စခန်းရဲ့ တာဝန်ခံ ဒေါ်ရယ်ဂျီက ပြောပါတယ်။

ဒီခရီးစဉ်အတွင်း မစ္စမြူလာ သွားချင်တဲ့ နေရာတွေကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးထားတယ်လို့ နိုင်ငံခြားရေး ဌာနဖက်က ပြောပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာတော့ ပြည်နယ်အစိုးရနဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ UN OCHA က ပြောပါတယ်။

ဒီဒေသတွေကို ကွင်းဆင်းမလေ့လာခင် ဧပြီလ ၃ ရက်နေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

UN OCHA ရဲ့ လက်ထောက်အတွင်းရေးမှူး မစ္စမြူလာဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လူသားချင်းစာနာထောက်ရေးဆိုင်ရာ အကူအညီ လိုအပ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင် သိရှိနိုင်ဖို့နဲ့ အကူအညီပေးရေးနဲ့ ဝိုင်းဝန်းဖြေရှင်းမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်မတိုင်ခင်လေးမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး အဲဒီ့က ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဧပြီလ ၈ ရက်နေ့မှာတော့ အာဆီယံနဲ့ ကုလသမဂ္ဂ ဒေသတွင်း နှစ်ပတ်လည် အစည်းအဝေးတက်ရောက်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။