ရိုဟင်ဂျာတွေ ပြန်လာဖို့ မသင့်တော်သေးလို့ ကုလပြော

ဓာတ်ပုံ မူပိုင် Ursula Mueller Twitter
Image caption ရခိုင်ပြည်နယ်ကို ဧပြီလ ၄ ရက်မှာ ရောက်ရှိလာတဲ့ မစ္စ အာဆူလာ မူလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေအရ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ စိတ်ချလက်ချ ပြန်လာနိုင်ဖို့ မသင့်တော်သေးဘူးလို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ ရခိုင်ခရီးစဉ် အပြီးမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး မီးလောင်ထားတဲ့ ရွာတွေ၊ ဘူဒိုဇာနဲ့ အထိုးခံထားရတဲ့ ရွာတွေ တွေ့ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ လေးသိန်းလောက်ဟာ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အပြင် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်လည်း မရတဲ့အတွက် စိုးရိမ်တယ်လို့လည်း ကုလသမဂ္ဂဘက်က ပြောဆိုထားပါတယ်။

မိုးရွာသွန်းမှုများမယ့် မုတ်သုံရာသီရောက်လာတော့မှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ဟာလည်း ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေ ပြန်ခေါ်ဖို့ကိစ္စအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ မနှစ်ကတည်းက သဘောတူ ထားပေမယ့် အခုထိ ဒုက္ခသည်တွေ ပြန်လာနိုင်ခြင်း မရှိသေးပါဘူး။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ မီးလောင်ထားတဲ့ ရွာတွေကို ရှင်းလင်းရာမှာ အထင်မှားမှုတွေ ရှိခဲ့တဲ့အတွက် ဒါတွေကို ရပ်ဆိုင်းထားသလို ဒုက္ခသည်တွေ ချက်ချင်း ပြန်လာနိုင်တဲ့အထိ အသင့်ဖြစ်နေပြီလို့လည်း ဘီဘီစီကို တုံ့ပြန်ထားပါတယ်။

ကြိမ်ချောင်းတောင်ဘက်မှာ ဘူဒိုဇာနဲ့ ရှင်းလင်းမှုတွေကို ရပ်ထားပြီး အဓိက လိုအပ်တဲ့နေရာတွေမှာပဲ ရှင်းလင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Ursula Mueller Twitter
Image caption WFO ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ မြစ်ကြီးနား ရုံးခွဲက စစ်ဘေးရှောင် ဒုက္ခသည် ၄၃၀ဝ၀ ကို ထောက်ပံ့ပေးနိုင်ခဲ့တာကို ချီးကျူးခဲ့တဲ့ မစ္စ မူလာ

ရိုဟင်ဂျာတွေ ခွဲခြား ဖိနှိပ်ခံရတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မရှုံ့ချဘူးဆိုပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာဟာ ဒီကိစ္စ ပြေလည်ရေးအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ မစ္စ မူလာ က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပန်းတိုင်ဟာ တိုင်းရင်းသားအားလုံး လူမှုရေးရာ စည်းလုံး ညီညွတ်မှုရှိဖို့ ဖြစ်တယ်လို့ မစ္စ မူလာကို ပြောဆိုခဲ့ပြီး ဒါဟာ အလွန် အားကျ အတုယူစရာ ရှေ့ပြေး ရှုမြင်မှု တခု ဖြစ်တယ်လို့လည်း မစ္စ မူလာက ပြောခဲ့ပါတယ်။

မစ္စ အာဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ် အတွင်းမှာ ကချင်ပြည်နယ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။