တပ်မတော်သားက အဘွားအိုကို နားရွက်ဖြတ် နားကပ်လုမှုဖြစ်

ဓာတ်ပုံ မူပိုင် Shan Herald News
Image caption မိုင်းဖြတ်မြို့

အသက် ၇၀ ကျော် အမျိုးသမီး တဦးကို တပ်မတော်သား တဦးက အတင်းဆွဲခေါ်ပြီး နားရွက်ဖြတ် နားကပ်လုယူမှု ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

မိုင်းဖြတ်မြို့အနီး ဝမ်ဟွေ့ရွာမှာ နေထိုင်တဲ့ ပါ့နန်းကောင်ဆိုတဲ့ အမျိုးသမီးဟာ ဝမ်ဟွေ့ရွာကနေ မြို့ထဲဘက်ကို လမ်းလျှောက်အလာ ဂေါက်ကွင်းအနီးအရောက်မှာ အမှတ် ၁ ကုတင် ၁၀၀ စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတဦးဖြစ်တဲ့ မျိုးသူက အတင်းဆွဲခေါ်ပြီး ရိုက်နှက်ကာ နားရွက်ဖြတ်ခဲ့ နားကပ်လုခဲ့တာဖြစ်တယ်လို့ ရွှေတြိဂံ သတင်းဌာနက အယ်ဒီတာ ကိုထွန်း( မိုင်းဖြတ် ) က ဘီဘီစီကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို မိုင်းဖြတ်ရဲစခန်းက ဖမ်းဆီးထားပြီး အမှုဖွင့်ထားတယ်လို့ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်နိုင်က ဘီဘီစီကို ပြောပါတယ်။

အဓမ္မမှုပါ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ မိုင်းဖြတ်ဒေသခံတွေအကြား ပျံ့နှံ့နေပေမဲ့ နားရွက်ဖြတ်လုယက်မှုသာမှုသာ ဖြစ်ပြီး အမှုဖွင့်ထားတယ်လို့လည်း ရဲမှူးကျော်နိုင်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကတော့ တပ်မတော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ ကိုထွန်း ( မိုင်းဖြတ် ) က ပြောပါတယ်။

နားရွတ်တဘက်ပြတ်သွားခဲ့တယ်လို့လည်း ကိုထွန်း ( မိုင်းဖြတ် ) က ပြောပါတယ်။