တရားပွဲနေရာရွှေ့ရလို့ သီတဂူ ဘက်ကစာထုတ်

သီတဂူ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ,

သီတဂူ အဓိပတိ ဆရာတော် အရှင် ဉာဏိဿရ

ရွှေပြည်သာမြို့နယ် သဟပုညကာရီ ဆွမ်းအကျိုးတော်ဆောင်အသင်းက ကြီးမှူးပြီး အာယုဒါနဆေးအလှူတော်အတွက် ဧပြီ ၆ ရက်နေ့က လှော်ကားရွာ အထက ၂ ကျောင်းမှာ ကျင်းပမယ့် သီတဂူ အဓိပတိ ဆရာတော် အရှင် ဉာဏိဿရနဲ့ ရွှေပန်းကုံး ဆရာတော် တို့ တရားပွဲအတွက် ကျင်းပရာနေရာကို ဧပြီလဆန်းပိုင်းမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံ တောင်းခံခဲ့ ရာမှာ စာသင်ကျောင်းဖြစ်တဲ့အတွက် ဆိုပြီး ခွင့်မပြုတာကြောင့် နေရာပြောင်း ကျင်းပခဲ့ရပါတယ်။

အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်အပေါ် သီတဂူဆရာတော်ရဲ့ တပည့် သာဝကတွေက စိတ်မချမ်းမြေ့ရကြောင်းနဲ့ အနာဂတ် သာသနာအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကို အပြစ်မတင်ချင် သော်လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ ဘုန်းကြီးက လွတ်လွတ်လပ်လပ် ဟောပြောခွင့် နေရာမရွေး ရသင့်တယ် ၊ နေရာတိုင်းမှာ ဟောပြောခွင့် ရဖို့ အားကြိုးမာန်တက် ဆောင်ရွက်ပေးသင့်တယ် ၊ တိုင်းပြည်အတွက် ၊ သာသနာအတွက် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် ဆရာတော်ဟာ နေရာမရွေး ၊ အချိန်မရွေး ၊ ဒေသမရွေး ဟောပြောခွင့် ရှိသင့်ရမယ့် အနေအထားမှာ ဘာကြောင့် ပိတ်ပင် ရသလဲ ၊ ရွှေ့ခိုင်းရသလဲ ဆိုတဲ့အပေါ် ၀မ်းနည်းလို့ ကြေညာချက် ထုတ်ရတာပါလို့ သီတဂူဆရာတော်ရဲ့ တပည့် သီတဂူ အရှင်တိက္ခသာရ က မိန့်ပါတယ်။

ခုလို ဖြစ်ပျက်မှုတွေကြောင့် ဆရာတော်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ထိခိုက်တယ်လို့လည်း အရှင်တိက္ခသာရ က ရှင်းပြပါတယ်။

တကယ်တမ်းမှာ တရားပွဲ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပေမယ့် တရားပွဲ စီစဉ်တဲ့ အကျိုးတော်ဆောင် တွေသာ ပြင်ဆင် နေရာရွှေ့ ရတဲ့ အခက်အခဲ ရှိသွားခဲ့တာပါလို့လည်း သူက မိန့်ပါတယ်။

ဒီကိစ္စတွေကို ဆရာတော်ကြီး သိလိမ့်မယ် မထင်ကြောင်းနဲ့ သိရင် စိတ်မကောင်း ဖြစ်မှာ စိုးလို့ ဘယ်သူမှ မလျှောက်ထားဖြစ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အထက်အဆင့်ဆင့် ဖြစ်တဲ့ ခရိုင်နဲ့ မြို့နယ်တွေ အထိ မတက်တော့ဘဲ နေရာရွှေ့ ပြီး တရားပွဲကို အောင်မြင်အောင် ကျင်းပလိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တရားပွဲ ကျင်းပမယ့် နေရာဟာ စာသင်ကျောင်း ဖြစ်နေတဲ့ အတွက် ခွင့်ပြုချက် မပေးတာလို့ အုပ်ချုပ်ရေးမှူးထုတ်ပြန်ချက်မှာ ဆိုထားတာ ဖြစ်ပါတယ်။