မန်းသင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်အပြင် ဘာအစီအစဉ်တွေ ပါဝင်မလဲ

Image caption မန္တလေးသင်္ကြန်မြင်ကွင်း

သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်တဝှမ်းက သင်္ကြန်ပိုးရှိသူတွေဟာ မန္တလေးသင်္ကြန်ကို အဓိကထားပြီး သွားရောက်လည်ပတ်ကြပါတယ်။ မနှစ်က မန္တလေးကစခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ဟာ အောင်မြင်တာမို့ တချို့ဒေသတွေမှာ မနှစ်က မန္တလေးသင်္ကြန်အတိုင်း လမ်းလျှောက်သင်္ကြန်ပွဲတော်တွေ လုပ်ဖို့ စီစဉ်လာကြပါတယ်။

ဒီနှစ် မန္တလေးသင်္ကြန်မှာတော့ လမ်းလျှောက်သင်္ကြန်ဆက်ရှိမယ့်အပြင် ကာတွန်းဆရာအသင်းနဲ့ ပူးပေါင်းတင်ဆက်တဲ့ ရေစိုခံ ကာတွန်းများဆိုတဲ့ ခေါင်းစဉ်နဲ့ ပြပွဲပါဝင်မှာပါ။

တချိန်က နာမည်ကြီးခဲ့တဲ့ ဆရာကြီး ဦးဘဂျမ်း ဦးစိန် ဦးသန်းကြွယ်တို့လို ဟာသကဲတဲ့ ကာတွန်းတွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပြောခွင့်ရ ဦးကျော်ရင်မြင့်က ဘီဘီစီကို ပြောပါတယ်။

လမ်းလျှောက်သင်္ကြန်ကတော့ ကျူံးတောင်ဘက် ၂၆ အာဇာနည်လမ်းပေါ် ၆၆ လမ်းနဲ့ ၇၈ လမ်းအတွင်းမှာ ကျင်းပမှာပါ။

ကျူံးအရှေ့ဘက်မှာတော့ တောသင်္ကြန်ညဈေးဆိုတဲ့ အစီအစဉ်သစ်နဲ့ သင်္ကြန်ဈေးကို ဖော်ဆောင်ထားတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။ အဲဒီဈေးမှာ ၁၂ ပွဲဈေးတွေမှာရောင်းသလို ပွဲဈေးတန်းတွေ ပါဝင်ပြီး ဖျော်ဖြေရေးအနေနဲ့ တခေတ်တခါက ကွင်းလယ်ခေါင်မှာ ပိတ်ကားရုပ်ရှင်ပြခဲ့တဲ့ အစီအစဉ်မျိုးတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရုပ်သေးပွဲနဲ့ ကျောက်ဆည် ဆင်အကလို ဖျော်ဖြေရေးအစီအစဉ်တွေ ခြင်းလုံးအလှခတ်ပြတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာပါ။

လွန်ခဲ့တဲ့နှစ်က မန္တလေးသင်္ကြန်လုပ်လိုက်တော့ နှစ်ပေါင်း ဆယ်စုနှစ်ချီ သင်္ကြန်ဆိုရင် အိမ်ထဲကနေ အိမ်ပြင် မထွက်သူတွေလည်း ထွက်လာကြပြီး မသန်စွမ်းသူတွေနဲ့ နိုင်ငံခြားသားတွေ အပါအဝင်အခြားနယ်တွေက လာတဲ့ ဧည့်သည်တွေပါ ငြိမ်းငြိမ်းချမ်းချမ်း ရေကစားနိုင်ခဲ့တာတွေ့ရတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

ဒီလို ရိုးရာ အငွေ့အသက်တွေနဲ့ သင်္ကြန်ကို ပြန်အသက်သွင်းလာတဲ့အတွက် သင်္ကြန်ဟာ ရိုင်းစိုင်းတဲ့သင်္ကြန်အဖြစ်ကနေ ယဉ်ကျေးတဲ့ သင်္ကြန်ဘက်ကို ပြန်ပြီး ဦးတည်လာတာတွေ့ရသလို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနဲ့ စီးပွားရေးအတွက်ပါ အထောက်အကူဖြစ်လာနိုင်တဲ့ ပွဲတော်အဖြစ် မြင်တွေ့လာရတယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

မန္တလေး သင်္ကြန်အတွက် ကုန်ကျစရိတ်တွေကို စည်ပင်က ကောက်ခံတဲ့ အခွန်အခတွေအထဲက တချို့နဲ့ ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေဆီကရတဲ့ ငွေကြေးတွေကနေ သုံးစွဲတာဖြစ်တယ်လို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။

သင်္ကြန်တွင်း ယာဉ်အန္တာရယ်ကင်းရှင်းရေးအတွက် တလမ်းမောင်းအဖြစ် သတ်မှတ်မဲ့ လမ်းတွေ ရှိနေသလို လုံခြုံရေးအတွက် မြို့အဝင်အထွက်ဂိတ်တွေမှာ တုတ်၊ဓါးလက်နက် ပါမပါ စစ်ဆေးပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်လို့ စည်ပင်ကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ